ကောလင်း၊ ဝန်းသိုနဲ့ ပင်လည်ဘူးမြို့နယ်တွေထဲ ဖုန်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ထား

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ထဲက ကောလင်း၊ ဝန်းသိုနဲ့ ပင်လည်ဘူးမြို့နယ်တွေမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ကစပြီး ပြတ်တောက်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တိုက်ပွဲအဓိကဖြစ်နေတဲ့ ပင်လည်ဘူးကတော့ ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းရော ပြတ်သွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"ပင်လည်ဘူးမှာ တိုက်ပွဲတွေဖြစ်နေတာ သုံးရက်လောက် ရှိနေပြီ။ မနေ့က ဝမ်းဘဲအင်းရွာကို လေယာဉ်နဲ့ ဗုံးတွေချလို့ တစ်ရွာလုံး ပြေးနေကြရတယ်။အခုက ကောလင်းလည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းက ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတယ်။ ဒီကနေ့ဆိုလည်း စစ်လေယာဉ်တွေ ပျံသန်းနေကြတယ်"
အခုလ ၂၄ ရက်နေ့ ပင်လည်ဘူးမြို့နယ် ဆားတောင်ပုံရွာအနီးမှာ ဒေသခံ PDF အဖွဲ့တွေနဲ့ KIA တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၁၅ ယောက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ဒေသတွေဆိုရင် စစ်ကောင်စီဘက်က အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး RFA ရဲ့ သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ ဒီကနေ့အထိဆို မြို့နယ်ပေါင်း ၂၀ ကျော် အင်တာနက်ဖြတ်တောက်ခံထားရပါတယ်။
အခုလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမျိုး မတွေ့ရ သေးပါဘူး။