စစ်တွေမြို့နယ် ဗျိုင်းဖြူရွာ အင်အားသုံး ပိတ်ဆို့စစ်ဆေးခံနေရ
2024.05.30

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှာရှိတဲ့ ဗျိုင်းဖြူရွာကို မေလ ၂၉ ရက် မနေ့နေ့လယ်က စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီးနောက် ရွာအဝင်အထွက်တွေကို ပိတ်ဆို့ကာ ရက္ခိုင့်တပ်တော် (AA) နဲ့ဆက်စပ်လို့ဆိုပြီး ရာနဲ့ချီတဲ့ကျေးရွာသားတွေ ထိန်းသိမ်းစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
ကလေးတွေအပါအဝင် ရာနဲ့ချီတဲ့ကျေးရွာသားတွေဟာ မနေ့ကတည်းက ထိန်းသိမ်းစစ်ဆေးခံနေရတာဖြစ်ပြီး ဒီနေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က နေ့လယ် နှစ်နာရီလောက်မှာ စစ်ကားတွေ ဝင်လာတယ်။ ရွာမှာက အမြဲတမ်း ဧည့်စာရင်းစစ်နေကျဆိုတော့ လူတော်တော်များများ မပြေးကြဘူး။ တချို့ကလည်း ပြေးကြတယ်။ စစ်သားတွေက ရွာသားတွေအားလုံးကို စုခိုင်းတယ်။ မနေ့ကတည်းက တစ်ရက်လုံးဖမ်းထားတာ။ ဒီမနက်အထိ ပြန်မလွှတ်ပေးသေးဘူး။ အခုတော့ ယောက်ျားတွေကို စစ်ကားနဲ့ ခေါ်သွားတယ်။ မိန်းမတွေနဲ့ ကလေးတွေကိုတော့ သုဿန်ဇရပ်မှာ စုထားတယ်”
အမျိုးသားအချို့ကို မျက်နှာအုပ်ပြီး စစ်ကားတွေပေါ် တင်ဆောင်သွားတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်သားတွေက ရိုက်နှက်စစ်ဆေးတာကြောင့် အမျိုးသားသုံးဦး လက်လွန်သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က ယောက်ျားတွေကို ရွာဈေးလက်ဖက်ရည်ဆိုင်နားမှာ စစ်ဆေးတာ။ တစ်ယောက်ပြီးတစ်ယောက် ရိုက်ပြီးတော့ စစ်ဆေးတယ်။ အဲဒီမှာ ကျွန်တော်ရဲ့ ဆွေမျိုးတစ်ယောက်လည်း သေသွားတယ်။ ပြီးရင် နောက်ထပ် နှစ်ယောက်၊ သုံးယောက်လည်း သေသွားတယ်လို့ ပြောပါတယ်။ အလောင်းတွေကိုလည်း မယူရသေးဘူး။ တစ်ရက်လုံး၊ တစ်ညလုံး ထမင်းမကျွေး၊ ဟင်းမကျွေးဘဲ ရိုက်ပြီးစစ်ဆေးတာလေ”
လူသေဆုံးမှု အရေအတွက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးနေပြီး အိမ်ထဲမှာ ပုန်းအောင်နေတာမျိုးတွေ့ရင် ရိုက်နှက်ခေါ်ဆောင်တာတွေနဲ့ တန်းဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားတာတွေလည်း ရှိတယ်လို့ ရွာသားအချို့က ပြောပါတယ်။
ဗျိုင်းဖြူရွာမှာ အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိပြီး စစ်တွေမြို့နဲ့ ဆတ်ရိုးကျချောင်းတစ်ခုသာ ခြားတဲ့ကျေးရွာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တွေမြို့နယ်နဲ့ထိစပ်နေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောအစရှိတဲ့ မြို့နယ်တွေအားလုံးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိမှာ စစ်တွေမြို့နဲ့ မောင်တောမြို့ နှစ်ခုသာ စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာ ကျန်ရှိတော့တာပါ။ ရက္ခိုင့်တပ်တော် (AA) က စစ်တွေမြို့ကိုပါ ဆက်လက်သိမ်းပိုက်ထိန်းချုပ်လာမှာကို စိုးရိမ်တာကြောင့် စစ်ကောင်စီက မြို့တွင်းမှာရော မြို့နဲ့အနီးဝန်းကျင် ကျေးရွာတွေမှာပါ ရက္ခိုင့်တပ်တော် (AA) နဲ့ပတ်သက်လို့ ဒေသခံတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးစစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဗျိုင်းဖြူရွာက ရာနဲ့ချီတဲ့ဒေသခံတွေ ထိန်းသိမ်းစစ်ဆေးခံနေရတာနဲ့ ရိုက်နှက်စစ်ဆေးမှုတွေကြောင့် လူသေဆုံးမှုတွေအထိ ရှိနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၁၃ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၄ မေလ ၁၃ ရက်နေ့အထိ အချိန်ခြောက်လအတွင်း စစ်ကောင်စီက အရပ်သား ၄၂၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ အဲဒီကာလအတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် အရပ်သား ၂၆၈ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၆၄၀ အထိရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။