အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၄ ဦး ခြေချင်းဒေါက်နဲ့ အလုပ်ကြမ်းလုပ်ရ

RFA Burmese
2024.03.16
အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၄ ဦး ခြေချင်းဒေါက်နဲ့ အလုပ်ကြမ်းလုပ်ရ ရန်ကုန်တိုင်း၊ အင်းစိန် ဗဟိုအကျဉ်းထောင်ရှေ့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။
RFA

ရန်ကုန်တိုင်း၊ အင်းစိန် ဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၄ ဦးဟာ ခြေချင်းဒေါက်တပ်ပြီး အလုပ်ကြမ်း လုပ်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဦးထင်ကျော်၊ ကိုဇော်နိုင်ထွန်း၊ ကိုမျိုးမင်းဦး၊ ကိုဗလကြီး၊ ကိုရဲမင်းထွေး၊ ကိုချမ်းမြေ့ကိုကို၊ ကိုလှဦးမောင်၊ ကိုဝေမင်းအောင်၊ ကိုကျော်သက်တို့အပါအဝင် ၂၄ ဦး အခုလို စေခိုင်းခံနေရတာလို့ သူက ပြောပါတယ်။

သူတို့ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၃) ၊ ၅၄(က)၊ ၅၂(က)၊ ၁၉(စ) တို့နဲ့ အမိန့်ချမှတ်ခံ ထားရသူတွေ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်မှာ ထောင်အတွင်း တရားမဝင်ပစ္စည်းတွေ ကိုင်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီနိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက မျက်နှာဖုံးစွပ်၊ လက်ထိတ်နောက်ပြန်ခတ်ပြီး ရိုက်နှက်ကာ ခြေချင်းဒေါက်ခတ်ပြီး သုံးလကြာအောင် တိုက်ပိတ်ခဲ့တာပါ။

၂၀၂၄ ခုနှစ် မတ်လ ၅ ရက်မှာ သုံးလပြည့်ခဲ့ပေမယ့် ခြေကျင်းဒေါက်တွေကို မဖြုတ်ဘဲ ထောင်အဏာပိုင်တွေက အလုပ်ကြမ်းတွေ ခိုင်းစေနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

"လက်ရှိအနေအထားက ဘယ်လို ဖြစ်နေလဲဆိုတော့ မြန်မာပြည်ရဲ့ အကျဉ်းထောင်တွေက ကမ္ဘာ့နိုင်ငံရဲ့ မည်သည့်နေရာမှ မရှိတဲ့ လူတွေကို ကျွန်တွေလို အသုံးချတဲ့ ပုံစံမျိုးပေါ့"

အခုလို စေခိုင်းတာက လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၄) ၊ အပုဒ်(၅)ပါ အတင်းအကျပ် ကျွန်ပြုတာ၊ ခိုင်းစေးတာနဲ့ ညှဉ်းပန်းနှိပ်စက်တာ၊ ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့ ဂုဏ်ငယ်စေတဲ့ ဆက်ဆံမှုတွေ၊ မတရား ပြစ်ဒဏ်ပေးတာတွေ မပြုရဆိုတဲ့ အချက်တွေကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာန ရုံးဖုန်းကို RFA က မတ်လ ၁၆ ရက်မှာ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ (၅၇) မှာ ဘယ်အကျဉ်းသားကိုမဆို ရက်ပေါင်း ၉၀ ထက်ကျော်အောင် ခြေချင်းမခတ်ဖို့ ပြဋ္ဌာန်းထားသလို ပုဒ်မ - ၅၈ မှာလည်း အရေးပေါ်ကိစ္စမှအပ အကျဉ်းသားတွေကို ခြေချင်းမခတ်ရလို့ ပြဋ္ဌာန်းထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူက နှစ်သောင်းကျော် (၂၀၁၁၂ ဦး) ဖမ်းဆီးထိမ်းသိမ်းခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။