အင်းလေးဒေသမှာ တိုက်ပွဲကြောင့် ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2025.02.19
အင်းလေးဒေသမှာ တိုက်ပွဲကြောင့် ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဥ်။
Facebook/ ရှမ်းကယားဟစ်တိုင် ဓာတ်ပုံ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လူနှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းလေးဒေသ ထီရိ၊ ရေပူနဲ့ ညောင်ပင်လေးရွာအနီး တိုက်ပွဲဖြစ်နေတာကြောင့် အဲဒီရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အများစုကတော့ မှော်ဘီ (ကျောင်းကုန်း) ရွာနဲ့ ပုံ့မူရွာတို့ကို ထွက်ပြေးတိမ်းရှောင်ကြတယ်။ တချို့လည်း တောထဲ ဝင်ရှောင်ကြတယ်။ တိုက်ပွဲက ဘယ်လောက်ကြာဦးမလဲ မသိတော့။ အခြေအနေကိုပဲ စောင့်ကြည့်နေရတယ်။ အိမ်မှာလည်း တိရစ္ဆာန်တွေ ကျန်ခဲ့တော့ ပြန်ချင်နေပြီ”

အဲဒီဒေသမှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်နဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က PNO နဲ့ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် (IPDF) ပူးပေါင်းတပ်တွေ ရေပူရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးခဲ့တယ်လို့ IPDF က ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲမှာ PNO တပ်သားငါးဦးကို လက်နက်နဲ့တကွ ဖမ်းမိတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ နေထိုင်စားသောက်ရေးနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။