မြန်မာ့အရေး အကြိမ် ၇ဝ ကျော်ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှားပြော
2023.06.15

မြန်မာနိုင်ငံ ပဋိပက္ခကိုအဖြေရှာဖို့ မြန်မာ့အရေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပြီးခဲ့တဲ့ ခြောက်လအတွင်း အကြိမ် ၇ဝ ကျော် ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ရက်နို မာဆူဒီ က ပြောကြားလိုက်ပါတယ်။
"မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံကချမှတ်ထားတဲ့ သဘောတူညီချက် ငါးချက်မှာ အရေးအကြီးဆုံးအချက်တစ်ခုကတော့ တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်ပေါ်ရေးပါပဲ။ အဲဒီလိုဆွေးနွေးပွဲတွေဖြစ်လာဖို့အတွက် အင်မတန်အရေးကြီးတဲ့ အခြေခံလိုအပ်ချက်ကတော့ ယုံကြည်မှု တည်ဆောက်ရေးဖြစ်ပါတယ်။ အဲဒီ ဆက်သွယ်ဆွေးနွေးမှုတွေကနေ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ယုံကြည်လက်ခံမှုကို ရရှိခဲ့တယ်လို့ ယုံကြည်ကြောင်းလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ ညီလာခံတစ်ခုမှာ ဇွန်လ ၁၃ ရက်နေ့က ပြောကြားခဲ့တယ်" လို့ ဂျဂာာတာမြို့ကလာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီဆွေးနွေးပွဲတွေအကြောင်း အရင်ကပြောဆိုခြင်း မရှိခဲ့တာနဲ့ပတ်သက်လို့တော့ အင်ဒိုနီးရှားဝန်ကြီးက မိမိတို့အနေနဲ့ လူသိရှင်ကြား ထုတ်ပြန်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက်ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့မေလက ရိုက်တာသတင်းဌာနကို ပြောကြားရာမှာတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ အပြင် မြန်မာစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NUG အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးနေတာလို့ ဆိုပါတယ်။