မြန်မာနိုင်ငံကို လက်နက်မရောင်းကြောင်း အိန္ဒိယအရာရှိပြောကြား
2012.12.16

ကချင်ပြည်နယ်မှာ မြန်မာတပ်သားတွေ ကျန်ရစ်ခဲ့တဲ့ ဆွီဒင်နိုင်ငံလုပ် Carl Gustaf M3 တင့်ကားဖျက်ရိုင်ဖယ်တစ်လက်အပေါ်က နံပါတ်ကို ဆွီဒင်အစိုးရက စစ်ဆေးခဲ့ရာမှာ အိန္ဒိယနိုင်ငံကို ရောင်းချခဲ့တဲ့ လက်နက်ဖြစ်နေကြောင်း သိရှိခဲ့ရပြီးနောက် ဆွီဒင်အစိုးရက အိန္ဒိယအစိုးရကို ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Salman Khurshid က မိမိတို့ လက်နက် အရောင်းအဝယ်မလုပ်ကြောင်း အဲဒီသတင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း မနေ့က ရန်ကုန်မြို့မှာ ပြောကြားပါတယ်။
ဥရောပနိုင်ငံများအဖွဲ့ အီးယူဟာ မြန်မာနိုင်ငံကို ၁၉၉၆ ခုနှစ်ကစပြီး လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ပင်ထားတာဖြစ်တဲ့အတွက် အီးယူ အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ ဆွီဒင်နိုင်ငံလုပ် လက်နက်တခု မြန်မာစစ်တပ် လက်ထဲ ရောက်ရှိတာကို တွေ့ရှိခဲ့ရာကနေ အခုလိုနောက်ဆက်တွဲ သတင်းတွေ ထွက်ပေါ်လာနေတာဖြစ်ပါတယ်။