မြန်မာ-အိန္ဒိယ နယ်နိမိတ် အငြင်းပွားမှုများ ဆက်လက်ဆွေးနွေးမည်
2014.01.07

မြန်မာ၊ အိန္ဒိယ နှစ်နိုင်ငံအကြား နယ်နိမိတ် အငြင်းပွားနေတဲ့ တမူးမြို့နယ် နှစ်နိုင်ငံနယ်စပ် နယ်ခြားကျောက်တိုင်အမှတ် 76၊ 77၊ 78 နဲ့ 79 နေရာတွေမှာ မနေ့ကစပြီး နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက မြေတိုင်းတာမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပြီး ရရှိလာတဲ့ အခြေအနေပေါ် မူတည်ပြီး နယ်နိမိတ်တိတိကျကျ သတ်မှတ်ရေး အတွက် အိန္ဒိယအစိုးရနဲ့ ဆက်လက်ဆွေးနွေးသွား မယ်လို့ သိရပါတယ်။
လောလောဆယ်မှာတော့ အိန္ဒိယအစိုးရ နဲ့ ဆွေးနွေးနေဆဲဖြစ်သလို မြေပုံနဲ့စစ်ဆေးနေဆဲ အဆင့်မှာပဲ ရှိနေသေးတယ်လို့ နယ်စပ်တိုင်းထွာရေး အဖွဲ့ထဲပါဝင်တဲ့ တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလင်း က ပြောပါတယ်။
“အခု ပြဿနာဖြစ်နေတာက 76 နဲ့ 78 နားမှာဖြစ်တာ၊ အဲဒီတော့ အဲဒါကိုတိုင်းဖို့အတွက် 76၊ 77၊ 78၊ 79 တလျှောက်လုံး အကုန်လုံးတိုင်းရတာပေါ့၊ အခုမှ မြေပုံထုတ်တာပဲရှိသေးတယ်၊ ဆက်ဆွေးနွေးမှာပါ၊ ပြီးရင် နိုင်ငံခြားရေး အစီအစဉ်နဲ့လည်း သီးခြား ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီကရတဲ့အချက်အလက်ပေါ်မှာ မူတည်ပြီးတော့ ထပ်ဆွေးနွေးဖို့တွေလည်းရှိပါတယ်”
နယ်မြေအငြင်းပွားနေတဲ့ တမူးမြို့နယ် နှစ်နိုင်ငံ နယ်ခြားကျောက်တိုင်အမှတ် BP77 နဲ့ BP79 နေရာတွေမှာ အိန္ဒိယနိုင်ငံဘက်က အဆောက်အဦး တိုးချဲ့ဆောက်လုပ်မှုတွေရှိတာကြောင့် တမူးမြို့မှာ အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြတာတွေရှိခဲ့ပါတယ်။