အိန္ဒိယ မြန်မာနယ်စပ်မှာ မိုင်လေးဆယ်ကျော် ခြံစည်းရိုးခတ်ဖို့ အိန္ဒိယ စီစဉ်

RFA Burmese
2023.09.24
အိန္ဒိယ မြန်မာနယ်စပ်မှာ မိုင်လေးဆယ်ကျော် ခြံစည်းရိုးခတ်ဖို့ အိန္ဒိယ စီစဉ် အိန္ဒိယ မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်နိုင်ရေး မဏိပူရပြည်နယ်ဝန်ကြီးချုပ်နဲ့ နယ်စပ်လမ်းတည်ဆောက်ရေးအဖွဲ့ (BRO) တာဝန်ရှိသူတွေ ၂၀၂၃ စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ်။
N.Biren Singh/ Twitter

အိန္ဒိယ မြန်မာနယ်စပ်မှာ ၄၃ မိုင်ခန့်ကို (ကီလိုမီတာ ၇၀) နယ်စပ်ခြံစည်းရိုးခတ်ဖို့ အိန္ဒိယအစိုးရက စီစဉ်နေပါတယ်။

နယ်စပ်လမ်းတည်ဆောက်ရေးအဖွဲ့ (BRO) နဲ့ နယ်စပ်ခြံစည်းရိုးထပ်မံတိုးချဲ့တည်ဆောက်ရေးကိစ္စ စက်တင်ဘာ ၂၃ ရက်နေ့က ဆွေးနွေးခဲ့ကြောင်း အန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh က တွတ်တာ လူမှုကွန်ရက် အကောင့်မှာ တင်ထားပါတယ်။

မြန်မာနိုင်ငံမှာနေထိုင်သူတွေ တရားမဝင် ကူးသန်းသွားလာနေတာနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတာတွေ များလာတာကြောင့် နယ်စပ်ကို ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီး လိုလာကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ်က ပြောထားပါတယ်။

မဏိပူရပြည်နယ် ဝန်ကြီးချုပ်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ကြိုးစားနေပြီး ဆက်သွယ်လို့ မရသေးပါဘူး။

မြန်မာနယ်စပ်မှာ ခြံစည်းရိုးကာဖို့ BRO အဖွဲ့နဲ့ ဆွေးနွေးရာမှာ မဏိပူရပြည်နယ် ဝန်ကြီးချုပ်အပြင် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတွေလည်း ပါဝင်ပါတယ်။

အိန္ဒိယ မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်နိုင်ရေး မဏိပူရပြည်နယ်ဝန်ကြီးချုပ်နဲ့ နယ်စပ်လမ်းတည်ဆောက်ရေးအဖွဲ့ (BRO) တာဝန်ရှိသူတွေ ၂၀၂၃ စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ်။ (Photo : N.Biren Singh)
အိန္ဒိယ မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်နိုင်ရေး မဏိပူရပြည်နယ်ဝန်ကြီးချုပ်နဲ့ နယ်စပ်လမ်းတည်ဆောက်ရေးအဖွဲ့ (BRO) တာဝန်ရှိသူတွေ ၂၀၂၃ စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ်။ (Photo : N.Biren Singh)


အိန္ဒိယနဲ့မြန်မာနိုင်ငံဟာ မိုင်တစ်ထောင်နီးပါး (ကီလိုမီတာတစ်ထောင့်ခြောက်ရာ) နယ်နိမိတ်ချင်း ထိစပ်နေတာဖြစ်ပြီး မဏိပူရပြည်နယ်တစ်ခုတည်းမှာတင် မိုင်နှစ်ရာ့ငါးဆယ်နီးပါး (ကီလိုမီတာ လေးရာ) ထိစပ်နေတာပါ။

အဲဒီလို မိုင်ပေါင်းများစွာထိစပ်နေတာကြောင့် နေရာအားလုံးမှာ ခြံစည်းရိုးခတ်ဖို့ မလွယ်ကူဘဲ ဝင်ထွက်သွားလာမှု အများဆုံးနေရာတွေမှာ ခြံစည်းရိုးခတ်ဖို့ကြိုးစားနေတာလို့ အိန္ဒိယ အခြေစိုက်သတင်းဌာနေတွက ရေးပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ရာမှာ မဏိပူရ်ပြည်နယ်ထဲမှာတင် ခိုလှုံနေသူ ငါးထောင်ကျော်ရှိပြီး အဲဒီထဲက အယောက် ၇၀ ကျော် အဖမ်းခံထားရတယ်လို့  India For Myanmar အဖွဲ့က ပြောထားပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာဖြစ်ပွားတဲ့ ကသည်းနဲ့ ကူကီးတွေရဲ့ လူမျိုးရေးပဋိပက္ခဟာလည်း မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကြောင့်လို့ ပြည်နယ်အစိုးရက ယူဆပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ နယ်စပ်မှာ အခက်အခဲဖြစ်နေတယ်လို့လည်း ဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။