စစ်ကောင်စီကို ထောက်ပံ့နေတဲ့ အိန္ဒိယကို ဖိအားပေးဖို့ G20 နိုင်ငံတွေကို တောင်းဆို

RFA Burmese
2023.09.05
စစ်ကောင်စီကို ထောက်ပံ့နေတဲ့ အိန္ဒိယကို ဖိအားပေးဖို့ G20 နိုင်ငံတွေကို တောင်းဆို ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်။
Myanmar Military

မြန်မာစစ်ကောင်စီကို လက်နက်၊ ငွေကြေးနဲ့ သံတမန်ပိုင်းဆိုင်ရာ ထောက်ပံ့နေတဲ့ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် မိုဒီကို ဖိအားပေးတားမြစ်ကြဖို့ G20 အဖွဲ့ဝင်နိုင်ငံတွေကို Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။ G20 စက်မှုထိပ်သီးနိုင်ငံများ အစည်းအဝေးကို ဒီသီတင်းပတ်ကုန်ရက်တွေအတွင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပတာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အခုနှစ်အစောပိုင်း အစီရင်ခံစာမှာ အိန္ဒိယနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး မြန်မာစစ်ကောင်စီကို ဒေါ်လာ ၅၁ သန်း တန်ဖိုးရှိ လက်နက်နဲ့ ဆက်စပ် စစ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာမသိမ်းခင်ကတည်းက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေအတွက် တရားရင်ဆိုင်နေရပေမဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာစစ်တပ်ကို ဆက်ပြီး ကူညီထောက်ပံ့နေတယ်လို့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှ ာဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်မှာလည်း မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုလို့သတ်မှတ်နိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုးပြီး လုပ်ဆောင်လာတယ်လို့လည်း ဆိုပါတယ်။ မြန်မာစစ်တပ် နေ့စဉ်ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မြန်မာအရပ်ဘက်အဖွဲ့အစည်း အများအပြားကလည်း မှတ်တမ်းတင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ထောင်နဲ့ချီတဲ့လူတွေ အသတ်ခံရပြီး လူ နှစ်သောင်းခွဲလောက်ဖမ်းဆီးခံထားရသလို လူပေါင်း နှစ်သန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို အိန္ဒိယအာဏာပိုင်တွေက တရားဝင်နေထိုင်ခွင့်မပေးဘဲ ဖမ်းဆီးတာ၊ ရိုက်နှက်တာ၊ ချုပ်နှောင်ထားတာနဲ့ မိခင်နိုင်ငံကို ပြန်ပို့မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအချိန်မှာ အိန္ဒိယကိုရောက်နေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံကိုထောက်ပံ့နေတာတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် မိုဒီကို စိန်ခေါ်ဖို့ ပျက်ကွက်နေပါတယ်လို့ Burma Campaign UK ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Anna Roberts က ပြောပါတယ်။

စာသင်ကျောင်းနဲ့ ဆေးရုံ ဆေးခန်းတွေကို တိုက်ခိုက်ဗုံးကြဲနေတဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းထောက်ပံ့တာတွေ ရပ်တန့်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ မိုဒီကို အတူတကွတားမြစ်ဖို့ G20 အစည်းအဝေးဟာ အခွင့်အရေးတစ်ခုဖြစ်တယ်လို့လည်း Anna Roberts က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။