အာဆီယံဥက္ကဌ မြန်မာအတွက် ဟန်ဂေရီအစိုးရ ကူညီထောက်ပံ့
2013.10.25

မြန်မာနိုင်ငံ အာဆီယံဥက္ကဌ တာဝန်ယူဆောင်ရွက်တာ ကို ထောက်ခံအားပေးကူညီတဲ့အနေနဲ့ ဥရောပတိုက် ဟန်ဂေရီနိုင်ငံက အမေရိကန်ဒေါ်လာ ၄ သောင်းကျော် တန်ဖိုးရှိတဲ့ အဆင့်မြင့်ကွန်ပျူတာ အထောက်အကူပြု ပစ္စည်းတွေ ဒီနေ့ ပေးအပ်လှူဒါန်းလိုက်ပါတယ်။
အီးယူဥရောပသမဂ္ဂ ဥက္ကဌလုပ်ခဲ့ဖူးတဲ့ ဟန်ဂေရီနိုင်ငံ က မြန်မာနိုင်ငံကို အခုလို အကူအညီပေးဖို့ ထိုင်းနိုင်ဆိုင်ရာ ဟန်ဂေရီသံအမတ်ကြီး Mr. Danes TOMAJ ဦးဆောင်တဲ့အဖွဲ့ဟာ ဘန်ကောက်မြို့ မြန်မာ သံရုံးမှာ ဒီနေ့ သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့တယ်လို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်း က ပြောပါတယ်။
“လာမယ့်နှစ် ၂၀၁၄မှာ မြန်မာ့နိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဌတာဝန်ထမ်းဆောင်တဲ့အခါ မှာ မြန်မာရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုကို ထောက်ခံတဲ့အနေနဲ့ ထောက်ခံတာကို ပြတဲ့ အနေနဲ့ပေါ့နော် အာဆီယံအလှည့်ကျဥက္ကဌ လုပ်တဲ့အခါမှာ အောင်မြင်အောင် တတ်နိုင်သမျှ ဘက်စုံထောင့်စုံကနေ ကူညီတယ်ပံ့ပိုးတယ်ဆိုတဲ့ ဟာလေး၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ကျတော့ အာဆီယံဥက္ကဌ တာဝန်ထမ်းဆောင်ဖို့အတွက် ဘက်စုံထောင့်စုံကနေ ပြင်ဆင်နေတဲ့အခါမှာ ကွန်ပျူတာနဲ့ အင်တာနက်ပေါ့နော် online ကနေပြီးတော့မှ အာဆီယံနိုင်ငံအချင်းချင်း ဆက်သွယ်ဖို့၊ တခြားဆွေးနွေးဘက်နိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ဆိုတာမှာ ဒါအလွန်အသုံးကျပါတယ်၊ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အားဖြည့်ပေးတဲ့သဘော ဖြစ်သွား တာပေါ့နော်၊ မြန်မာ့ရဲ့အာဆီယံဥက္ကဌ ပြင်ဆင်မှုအပိုင်းမှာ ဒါလေးတွေက တော်တော်လေး ကျနော်တို့ ပြင်ဆင်မှုမှာ ပိုပြီးတော့ ပြီးမြောက်စေတဲ့အနေအထား တွေ့ရပါတယ်”
ဒါ့အပြင် မြန်မာပညာတော်သင် အယောက် ၉၀ ကို သုံးနှစ်စီမံကိန်းနဲ့ ဟန်ဂေရီနိုင်ငံမှာ ပညာသင်ကြားခွင့် စကောလားရှစ် အကူအညီရရှိအောင် များမကြာခင်မှာ နှစ်နိုင်ငံဝန်ကြီးအဆင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့ရှိတယ်လို့လည်း သံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။
“အဓိကအားဖြင့် ပညာသင်ဆုပေါ့ Hungarian ပညာသင်ဆု ၉၀ ပေးဖို့ရှိတယ်လို့ သိရပါတယ်၊ အဲဒါက ၃ နှစ် စီမံကိန်းပေါ့၊ ၃ နှစ်စီမံကိန်းဆိုတာ တစ်နှစ်ကိုမြန်မာပညာသင် ၃၀၊ သုံးနှစ်ဆက်တိုက်ပေးဖို့ပေါ့ သူတို့စီစဉ်ထားတယ်။ ရိုးရိုးဘွဲ့ပေါ့နော် Bachelor Degree တို့ master Degree တို့၊ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နေတဲ့အခါမှာ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်အောင် အထူးသဖြင့် ပညာရေးကဏ္ဍမှာ ကူညီပံ့ပိုးပေးတဲ့ အနေအထားလေးတွေ ဖြစ်တာကိုတွေ့ရပါတယ်”
ဒီကနေ့စာချွန်လွှာ လက်မှတ်ရေးထိုး လွှဲပြောင်းလှူဒါန်းတဲ့ အခမ်းအနားကို မြန်မာသံအမတ်ကြီး ဦးတင်ဝင်းနဲ့အတူ၊ စစ်သံမှူး ဗိုလ်မှူးကြီးဝင်းမောင်၊ သံမှူးကြီးများဖြစ်ကြတဲ့ ဦးမျိုးတင့်နဲ့ ဦးအောင်မြင့်တို့အပါအဝင် မြန်မာအရာရှိများလည်း တက်ရောက်ခဲ့ကြပါတယ်။