ချင်းပြည်နယ်မှာ စစ်ကောင်စီကြောင့် အိန္ဒိယကို ထွက်ပြေးသူ နေ့စဉ်ရာဂဏန်းရှိနေ

2021.09.23
ချင်းပြည်နယ်မှာ စစ်ကောင်စီကြောင့် အိန္ဒိယကို ထွက်ပြေးသူ နေ့စဉ်ရာဂဏန်းရှိနေ ၂၀၂၁ စက်တင်ဘာ ၁၈ ရက်နေ့က ထန်တလန်မှာ စစ်ကောင်စီနဲ့ CDF၊ CNF တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ပြည်သူတွေကို တွေ့ရစဉ်
Photo: CJ

ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီလောက်က စစ်ကောင်စီ တပ်နဲ့ ချင်းဒေသခုခံကာကွယ်ရေးအဖွဲ့ CDF၊ ချင်းအမျိုးသားတပ်ဦး CNF/CNA ပူးပေါင်းတပ်ဖွဲ့တို့အကြား မြို့တွင်းတိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် လူဦးရေတစ်သောင်းနီးပါးရှိတဲ့ ထန်တလန်မြို့သူမြို့သားတွေအားလုံးဟာ ဒီနေ့အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်ပါတယ်။ မြို့ခံတွေဟာ နီးစပ်ရာ တောတောင်တွေ၊ မြို့နယ် တွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနယ်စပ်အထိပါ ထွက်ပြေးနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးဝင်ရောက်လာသူတွေဟာ နေ့စဉ် တစ်ရာဝန်းကျင်အထိရှိနေတယ်လို့ အိန္ဒိယနိုင်ငံ အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း က RFA ကို ပြောပါတယ်။

"၁၈ ရက်နေ့ နောက်ပိုင်းမှာ တစ်မြို့လုံးကို စွန့်ခွာပြီးတော့ ထွက်သွားကြတာ။ လူတစ်သောင်းထဲက ၈ ထောင်လောက်က နယ်စပ်ကို မဖြတ်ဘဲနဲ့ နယ်စပ်အနီးအနားတဝိုက်မှာ ကျေးရွာတွေမှာ ခိုလှုံနေကြ တာပေါ့။ နေ့တိုင်းနေ့တိုင်းတော့ သူတို့နယ်စပ်ကိုဖြတ်ပြီးတော့ ရောက်လာကြတဲ့သူတွေ ရှိတာပေါ့နော်။ ကျွန်တော်တို့ ထင်တယ်၊ နယ်စပ်ဖြတ်တဲ့ ကမ်းကူးတဲ့နေရာမှာပေါ့နော်၊ တစ်နေ့ လူတစ်ရာ‌ကျော် ကျော်လောက် နေ့စဉ်ဖြတ်နေတယ်ဆိုတာ ကြားတယ်"

လူအများစုကတော့ နှစ်နိုင်ငံနယ်စပ်အနီးက ရွာပေါင်း ရှစ်ရွာလောက်မှာ ခိုလှုံနေကြရပြီး အရေအတွက် အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာသူတွေကို ဒေသခံအရပ်ဘက်လူမှုအဖွဲ့တွေက နွေးနွေးထွေးထွေး ကြိုဆိုကြပြီး စာသင်ကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ယာယီနေရာချထားပေးတယ်လို့ ဆလိုင်းဇအုပ်လိန်း က ပြောပါတယ်။ မီဇိုရမ်ပြည်နယ် အစိုးရကလည်း မြန်မာဘက်က ထွက်ပြေးလာသူတွေကို လိုအပ်တဲ့အကူ အညီတွေပေးဖို့ ကြိုးစားနေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ထန်တလန်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ အသက်ရှင်သန်ခွင့်ရဖို့ အခုလို ထွက်ပြေးနေရတာလို့ ပြောပါတယ်။

"လူတွေက တအားကြောက်ကြတယ်။ တကယ်တော့ မြို့ပေါ်မှာ တိုက်ပွဲဖြစ်ရင် ဒီလိုပုံစံပဲလာမယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ လူတွေက ကိုယ့်အသိတရားနဲ့ကိုယ် မီဇိုရမ်ပြည်ဘက်တွေက ထွက်ပြေးကြတာ။ ပြည်သူလူထုက တိုက်ပွဲကို ဘယ်သူမှ မလိုလားဘူး။ မြို့ပေါ်မှာ တိုက်ပွဲဖြစ်ဖို့ ဘယ်သူမှ မလိုလားဘူး"

လူတစ်သောင်းနီးပါးနေထိုင်ခဲ့တဲ့ ထန်တလန်မြို့မှာ ဒီကနေ့ လူ ၂၉ ယောက်ပဲကျန်တော့တယ်လို့ ထွက်မပြေးဘဲ ကျန်ရစ်ခဲ့တဲ့ မြို့ခံတွေက ပြောပါတယ်။

မြို့ပေါ်မှာ လူတွေမရှိသလောက်ဖြစ်သွားလို့ စက်တင်ဘာလ ၁၈ ရက်နေ့က ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ ရုပ်အလောင်းတစ်ခုကို သင်္ဂြိုဟ်မယ့်သူမရှိဖြစ်နေခဲ့ပြီး ဟားခါးမြို့က လူငယ်ပရဟိတအဖွဲ့တစ်ခုကို အကူအညီတောင်းပြီး ဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ထန်တလန်မြို့ဟာ သုသာန်တစ်စပြင်လို တိတ်ဆိတ်နေတယ်လို့ ထွက်မပြေးဘဲကျန်နေခဲ့တဲ့ မြို့ခံတစ်ဦးက ရှင်းပြပါတယ်။

"မြို့ပေါ်မှာ ကျွန်တော်ဒီနေ့ မနက် လမ်းလျှောက်တာ ကျွန်တော်တစ်ယောက်တည်း တော်တော် ကြောက် တယ်။ အိမ်‌ခြေ နှစ်လုံးကျန်တယ်။ မိဘမဲ့ဂေဟာ တစ်ခုကျန်တယ်။ အဓိက ထွက်ပြေးတာတော့ ထန်တ လန်မြို့မှာရှိတဲ့ ရွာအသီးသီးမှာ ထွက်ပြေးတယ်။ တချို့က အိန္ဒိယဘက်မှာလည်း ထွက်ပြေးတယ်။ တချို့က ဟားခါးမြို့ကို ထွက်ပြေးတယ်"

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က ထန်တလန်မြို့တွင်းတိုက်ပွဲမှာ နေအိမ်အလုံး ၂၀ နဲ့ ဆောက်လုပ်ရေး ဦးစီးဌာနပိုင် လမ်းဦးစီးရိပ်သာ သုံးထပ်အထောက်အဦးတစ်ခု မီးလောင်ပျက်စီးခဲ့သလို ရာပြည့် နှစ်ခြင်း အသင်းတော်က သင်းအုပ်ဆရာ ကျုံးဗျက်ဟုမ်းလည်း ကျည်ထိမှန်ပြီး ကွယ်လွန်ခဲ့ပါတယ်။

အဲဒီနေအိမ်တွေဟာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ မီးလောင်တာဖြစ်သလို သင်းအုပ် ဆရာ သေဆုံးမှုဟာလည်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့်လို့ မြို့ခံတွေက ပြောကြပါတယ်။

"မြို့ပေါ်မှာ တိုက်ပွဲဖြစ်ဖို့ ဘယ်သူမှ မလိုလားဘူး"

ဒါပေမဲ့ စစ်ကောင်စီကတော့ ဒါတွေဟာ လက်နက်ကိုင်အဖွဲ့က လူနေအိမ်တွေကို အကာကွယ်ယူတိုက်ခိုက် ခဲ့ပြီးနောက် နေအိမ်တွေမီးလောင်မှု ဖြစ်ခဲ့တာလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ တဆင့်ပြော ပါတယ်။ သင်းအုပ်ဆရာ သေဆုံးမှုနဲ့ နာရီ၊ လက်စွပ်တွေကို ယူဆောင်သွားတယ်ဆိုတဲ့ ကိစ္စဟာလည်း တစ်ဖက်သတ် စွပ်စွဲချက်နဲ့ ကောလာဟလတွေသာဖြစ်ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

“NUG, CRPH အကြမ်းဖက်အဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ မငြိမ်မသက်ဖြစ်အောင်၊ တည်ငြိမ်အေးချမ်းမှု ထိခိုက်အောင်အတွက် ဆောင်ရွက်လျှက်ရှိတယ်။ လဆန်းပိုင်း ၇ ရက်နေ့တုန်းက ပိုပြီးတော့ ပဋိပက္ခတွေဖြစ်ပွားလာအောင် မြှောက်ပင့်ပေးတဲ့ ကြေညာချက်မျိုးထုတ်ခဲ့တာရှိတယ်။ အဲနောက်ပိုင်းမှာလည်း ချင်းပြည်နယ်က တချို့နေရာတွေမှာ မငြိမ်မသက်မှုတွေဖြစ်ပွားလာတာ တွေ့ရပါတယ်”

စက်တင်ဘာလ ၁၈ ရက်နေ့က ထန်တလန်မြို့တွင်း တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ကတော့ စက်တင်ဘာ ၇ ရက်နေ့မတိုင်ခင်ကတည်းက စစ်အာဏာရှင်ဖြုတ်ချဖို့ သူတို့တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ စစ်အာဏာရှင်ယန္တရားက မြို့ပေါ်မှာရှိတာကြောင့် အခုလို မြို့တွင်းမှာ တိုက်ခိုက်ခဲ့တာလို့ (CNF/CNA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

"ကျွန်တော်တို့ တိုင်းရင်းသားဒေသက နှစ်ပေါင်း ၆၀၊ ၇၀ လောက် တောထဲမှာ ကြုံရင်ကြုံသလို ကျွန်တော် တို့က နယ်ထဲမှာတော့ ဖြစ်တာပေါ့။ အခုက စစ်အာဏာရှင်ဖြုတ်ချရေး လုပ်ဆောင်တဲ့နေရာမှာ စစ်အာ ဏာရှင်ရဲ့ လုပ်ငန်းယန္တရားက မြို့ပေါ်မှာပဲရှိတယ်။ တောထဲနယ်ထဲတွေမှာ မရှိဘူး။ ကျွန်တော်တို့က မြို့ပေါ်ရယ်၊ ကျေးလက်ဒေသရယ်၊ တောထဲရယ် အဲဒီမှာ တိုက်ပွဲလုပ်ရမယ်၊ မလုပ်ရဆိုတာ မရှိပါဘူး။ ကျွန်တော်တို့က မြို့ပေါ်မှာဆိုရင်လည်း မြို့ပေါ်ကို ရမ်းသမ်းပြီးတော့ လုပ်တာမဟုတ်ဘဲနဲ့ ကျွန်တော်တို့ က ဦးတည်ချက်ထားပြီးတော့ လုပ်တာဖြစ်တယ်"

မြို့ပေါ်မှာ တိုက်ပွဲဖော်တဲ့အခါ အရပ်သားတွေ ထိခိုက်နိုင်တဲ့အခြေအနေတွေကို ကြိုတင်တွက်ချက်ထားတာ ရှိသလားလို့ RFA ကမေးတဲ့အခါ ဆလိုင်း ထက်နီက ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ် ဆောင်နေပြီး စက်တင်ဘာလ ၁၈ ရက်နေ့ တိုက်ခိုက်မှုမှာလည်း လူမနေတဲ့ ဘောလုံးကွင်းနားမှာ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

thantlang.JPG
(စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မီးလောင်နေတဲ့ ထန်တလန်မြို့က နေအိမ်တချို့ကို စက်တင်ဘာ ၁၈ ရက်နေ့က တွေ့ရစဉ်) Photo: CJ

အဲဒီနေ့က စစ်ကောင်စီတပ်သားတွေကို မြို့တွင်းမှာ ကြားဖြတ်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်က လက်နက် ကြီးတွေနဲ့ ပြန်လည်တိုက်ခိုက်လာချိန်မှာ ဆုတ်ခွာလာတာကြောင့် နေအိမ်တွေ မီးလောင်တာနဲ့ သင်းအုပ် ဆရာ သေဆုံးမှုကိစ္စဟာ စစ်ကောင်စီတပ်နဲ့ပဲ ဆိုင်တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း ထန်တလန် မြို့က နှစ်ခြင်းခရစ်ယာန်အကြီးအကဲကို သတ်ဖြတ်မှုနဲ့ အိမ်တွေကို ဖောက်ခွဲမှုတွေဟာ စစ်တပ်ရဲ့ လုပ်ရပ် တွေဖြစ်တယ်။ ဒါတွေဟာ ငရဲခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ နောက်ဆုံး ဥပမာတွေပဲဖြစ်ပြီး ဒါကို ကမ္ဘာ့ နိုင်ငံတွေက ပိုပြီးနီးနီးကပ်ကပ် စောင့်ကြည့်ပြီးတော့ အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူ့ရဲ့ တွယ်တာလူမှုကွန်ရက်မှာ စက်တင်ဘာလ ၁၉ ရက်နေ့က ရေးသားထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ဧပြီလလောက်ကစလို့ ချင်းပြည်နယ်မှာ ရိုးရာတူမီးသေနတ်တွေနဲ့ စစ်ကောင်စီ တပ်ကို စတင်တော်လှန်တိုက်ခိုက်လာခဲ့ကြတာပါ။ စစ်ကောင်စီတပ်ဘက်ကလည်း အင်အားသုံးပြီး တိုက်ခိုက် တာ၊ ဒေသခံတွေကို သံသယနဲ့ ဖမ်းဆီးတာ၊ အသွားအလာတွေကို တင်းကျပ်စစ်ဆေးတာတွေလည်း နေရာ အနှံ့ရှိနေပါတယ်။ ဒေသခံတွေဘက်မှာလည်း အကြောင်းမဲ့ ပစ်ခတ်ခံရလို့ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာ ရတာတွေကလည်း ရှိနေတာကြောင့် တဖြည်းဖြည်းနဲ့ အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေကြတာ အခုဆို ရင် တစ်ဘက် အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးရောက်ရှိနေသူပေါင်း ၃၅၀၀၀ လောက်ရှိနေပြီလို့ အိန္ဒိယအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ မနေ့ကလည်း ပစ်ခတ်မှုတွေရှိခဲ့ပြီး မင်းတပ်မြို့နယ်မှာလည်း ဒီနေ့မနက်ပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေကို ကြားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။