လူကုန်ကူးခံရမယ့် မြန်မာ ၂၈ ဦးကို မလေးရှားရဲတပ်က ကယ်ဆယ်
2014.10.01
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့စွန် ၊ ဆွန်ဂေ ဘာကပ်မြို့နယ်က အိမ်ဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့က သတင်းအရ မနေ့က ဝင်ရောက်စီးနင်းရာမှာ လူမှောင်ခိုကုန်ကူးဂိုဏ်းတစ်ဂိုဏ်းက မြန်မာနိုင်ငံသား ၅ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး တရားဝင်စာရွက်စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသား ၂၈ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဘာနားမား မလေးရှား သတင်း ဌာနက ဖေါ်ပြပါတယ်။
မြန်မာတစ်ယောက်က သူ့ရဲ့ညီမနဲ့ ယောက်ဖရော၊ လေးနှစ်သား ကလေးငယ်ကိုပါ လူမှောင်ခိုကုန်ကူး ဂိုဏ်းတစ်ဂိုဏ်းက ဖမ်းဆီးထားတယ်၊ သူတို့ လွတ်မြောက်စေလိုရင် ငွေဘယ်လောက်ပေးရမယ် လို့ ပြောလာလို့ရဲစခန်းကို တိုင်စာပေးပို့လာပြီး အခုလိုသွားရောက် စီးနင်း ဖမ်းဆီးနိုင်ခဲ့တာလို့ ဒေသခံ ရဲစခန်းအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
လူမှောင်ခိုကုန်ကူးသူတွေကို မလေးရှား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့လဲ သိရပါတယ်။