လူ့အခွင့်အရေး ဆွေးနွေးပွဲ မှာ မြန်မာနိုင်ငံက ချိုးဖောက်ခံရမှုတွေကို တင်ပြ


2013.05.24

ပြင်သစ်နိုင်ငံ Nantes မြို့မှာ မေလ ၂၂ ရက်နေ့ကနေစတင်ပြီး  ၄ ရက်ကြာပြုလုပ်နေတဲ့ ၅ ကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေး ဆွေးနွေးပွဲကို မြန်မာနိုင်ငံက လူ့အခွင့်အရေး ကိုယ်စားလှယ် ၃ ဦး တက်ရောက်နေကြပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ စနစ်တကျရှိနေသေးတဲ့ အခြေအနေတွေကို ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို နိုင်ငံပေါင်း ၈၀ ကျော်မှာရှိတဲ့ လူမျိုးပေါင်း ၁၀၀ ကျော်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေ ထောင်နဲ့ချီပြီး တက်ရောက်နေကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးကော်မရှင်မင်းကြီး ဦး Lahpai Zau Goone အပါအဝင် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့က ဦးထူးချစ်တို့လဲ  ဒီဆွေးနွေးပွဲကို တက်ရောက်နေကြပါတယ်။

မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့  ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ လူ့အခွင့်အရေး အခြေနေတွေအကြောင်း မေလ ၂၃ ရက်နေ့က နိုင်ငံတကာက တက်ရောက်လာကြတဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေကို ဆွေးနွေးတင်ပြခဲ့တာတွေနဲ့ ပတ်သက်လို့ FED အဖွဲ့မှ ဦးထူးချစ်က အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံကနေပြီးတော့ ထိုင်းနိုင်ငံမှာ လုပ်နေတဲ့ ဒီရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေပေါ့၊ အစိုးရကသတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်အားခလစာ မရတာတွေ၊ နောက်တစ်ခုက အလုပ်သမားတွေအနေနဲ့ လျှော်ကြေးအပြည့်အစုံ မရတာတွေ၊ နောက်တစ်ခု လူကုန်ကူးမှုတွေ အဲ့ဒါတွေကိုတော့ ကျနော်ပြောဆိုဖြစ်ခဲ့တယ်၊ နောက်တစ်ခုက လက်ရှိနယ်စပ်ဒေသတွေမှာ အဓိကအားဖြင့် ကချင်ပြည်နယ်မှာလည်း နယ်စပ်စစ်ပွဲတွေဖြစ်နေလို့ အဲ့ဒီမှာ IDP တွေ တော်တော်လေး များလာတယ်ဆိုတဲ့အကြောင်း ပြောဖြစ်ခဲ့တယ်”

ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေဟာ စနစ်တကျ ဆက်လက်ရှိနေသေးကြောင်းကိုလည်း ထောက်ပြပြောဆိုခဲ့တယ်လို့ ဦးထူးချစ်က ဆက်ပြောပါတယ်။

“ပြီးခဲ့တဲ့ လတွေထဲမှာ မွတ်စလင်တွေနဲ့  မြန်မာဗုဒ္ဓဘာသာတွေ ဖြစ်တဲ့အချိန်မှာ တာဝန်ရှိတဲ့သူတွေက တစ်စုံတစ်ရာ နောက်ကနေပြီးတော့ စနစ်တကျ ကြိုးကိုင်တဲ့ပုံစံမျိုးတွေ တွေ့ရတာရှိတယ်၊ ဒါကြောင့်မို့ ဒါကစနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ ကျနော်မြင်တဲ့အတိုင်း ကျနော်ပြောဆိုခဲ့တာဖြစ်တယ်၊ လက်ရှိ ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ လူ့အခွင့်အရေးတွေမှာ အရင်ကထက်စာလို့ရှိရင် လွတ်လပ်စွာပြောဆိုခွင့်တို့ ရေးသားခွင့်တို့ တစ်စုံတစ်ရာတော့ ရှိလာတယ်၊ ဒါပေမယ့် ထူးထူးခြားခြား လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ပြောင်းလဲလာတာမရှိဘူး၊ ဥပမာအားဖြင့် ဒီလယ်သမားလှုပ်ရှားမှု၊ အလုပ်သမားလှုပ်ရှားမှု ကိစ္စတွေလည်းရှိနေတယ်၊ အဲ့အချိန်မှာ အစိုးရအနေနဲ့ အဲ့ဒီဟာတွေကို လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ရှုထောင့်ကနေပြီး စနစ်တကျ အကာအကွယ်ပေးနိုင်တာတွေ လုံးဝမရှိဘူး ဆိုတဲ့အကြောင်း ကျနော်ပြောပြတယ်”

မြန်မာနိုင်ငံက တက်ရောက်နေတဲ့ မစုစုနွေးနဲ့ ဦး Lahpai Zau Goone တို့ကတော့ ဒီနိုင်ငံတကာ လူ့အခွင့်အရေးဖိုရမ်ဆွေးနွေးပွဲမှာ လေ့လာသူအနေနဲ့ တက်ရောက်နေကြတာဖြစ်ပြီး ပါဝင်ဆွေးနွေးဖို့ အစီအစဉ်မပါရှိပေမယ့် ဒီဖိုရမ်ပြီးဆုံးသွားရင်တော့ မစုစုနွေးအနေနဲ့ ပြင်သစ်နိုင်ငံက NGO အဖွဲ့အစည်းတွေ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။