မြန်မာ့အခြေအနေဆိုင်ရာ ရှင်းတမ်း ဗြိတိန်အစိုးရ ထုတ်ပြန်


2015.01.08
hugo-swire-305.jpg ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသဆိုင်ရာ ဒုတိယ ဝန်ကြီး Mr Hugo Swire နှင့်အဖွဲ့ကို ဇန်နဝါရီလ ၂၉ ရက်နေ့က မြစ်ကြီးနားမြို့မှာတွေ့ရစဉ်
photo: RFA/ Kyaw Myo Min

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် ဗြိတိန်အနေနဲ့ ပိုမိုအားပေးကူညီသွားမှာဖြစ်သလို၊ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာအောင် လည်း တွန်းအားပေးသွားမှာဖြစ်ကြောင်း ဗြိတိန်အစိုးရ ဝန်ကြီးချုပ် ရုံးဝန်ကြီး Hugo Swire က မနေ့က နေ့စွဲ နဲ့ ကြေညာချက်နှစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ် မကင်းဖြစ်ကြောင်း ဗြိတိန်ပြည်သူတွေထံကပေးပို့ကြတဲ့ စာတွေ၊ အီးမေးလ်တွေ အများအပြား လက်ခံရရှိတဲ့ အတွက် ဗြိတိန်အစိုးရက ကြေညာချက်နှစ်စောင် ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။

တစ်စောင်က မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းနေတဲ့ကိစ္စဖြစ်ပြီး ၊ နောက်တစ်စောင်က မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တိုးပွားလာနေတဲ့ကိစ္စအကြောင်း ဖြစ်ပါတယ်။

မြန်မာပြုပြင်ပြောင်းလဲမှုအခြေအနေတွေ ရပ်တန့်နေပြီး၊ တချို့နေရာတွေမှာ နောက်ကြောင်းပြန်လှည့်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီး၊ ဗြိတိန်အစိုးရအနေနဲ့ မြန်မာ့အခြေအနေတွေအပေါ် အားရကျေနပ်နေတာ မဟုတ် သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားပုဂ္ဂိုလ်တွေရဲ့ သံသယတွေကိုလည်း နားလည်ကြောင်း၊ စိုးရိမ်စရာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုင်ပင်ဆွေးနွေးနေသလို၊ ကဏ္ဍအတော်များများမှာလည်း အတူဆောင်ရွက်နေကြောင်း၊ ၂၀၁၁ ခုနှစ်ကစတင်ခဲ့တဲ့ မြန်မာ့အပြောင်းအလဲတွေကို အသိအမှတ်ပြုရမှာဖြစ်ပေမဲ့၊ သွားရမယ့်ခရီး ဝေးသေးတယ်ဆိုတာသိမြင်ကြောင်း၊ ထူးခြားတဲ့ပြုပြင်ပြောင်းလဲမှုတွေ တွေ့မြင်ခဲ့ရသလို၊ တဖက်မှာလည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမည်သည်မှာ နေ့ချင်းညချင်း မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ပြီးမြောက်အောင်မြင်သွားတာမျိုးမဟုတ်ကြောင်း၊ ဗြိတိန်အနေနဲ့ မြန်မာ့အပြောင်းအလဲအတွက်၊ အမျိုးသမီးတွေ အပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေးအတွက် လက်တွေ့ကျပြီး ထိရောက်တဲ့ အကူ အညီတွေပေးခဲ့သလို၊ လူအား၊ ငွေအား၊ အသိပညာအားတွေနဲ့ ဆက်လက်ကူညီသွားမှာဖြစ်ကြောင်း အကိုးအကားတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။