မေလအတွင်း ဆီဆိုင်မှာ အရပ်သားတစ်သောင်းကျော် ထွက်ပြေးနေရ
2024.06.01

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ မေလအတွင်း စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ စစ်ကြောင်းထိုးတာကြောင့် ကျေးရွာပေါင်း နှစ်ဆယ်ကျော်က ပြည်သူ (၁၃,၀၀၀) ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဇွန်လ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကောင်ဝိန်းကြီး၊ နောင်ကျော၊ နောင်ရင်း၊ ရေဖြူ၊ ကန်တော်လေး စတဲ့ ကျေးရွာနှစ်ဆယ်ကျော်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံက RFA ကို ပြောပါတယ်။
"အရပ်သားတွေ ထွက်ပြေးရတာက မေလမှာတော့ တစ်သောင်းကျော်ပေါ့လေ၊ တစ်သောင်းကျော်ကျော်ရှိပါတယ်၊ စကစ လက်နက်ကြီးနဲ့ပစ်လို့ နေအိမ်ပျက်စီးတာက ထုတ်ပြန်ချက်မှာလည်း ထည့်ပေးထားပါတယ်၊ ဘာသာရေးအဆောက်အအုံတွေလည်းပါတယ်၊ ဘုန်းကြီးကျောင်းတွေလည်း ပါတယ်၊ ပြောရရင် စစ်ကောင်စီက မဲမဲမြင်ရာ ဖျက်ဆီးနေတာ"
မေလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ဆီဆိုင်မြို့နယ် ထီဗွာ(ရေဖြူ)ကျေးရွာက နေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို အဲဒီနောက်ပိုင်းမှာလည်း နောင်ကျောနဲ့ ကောင်ဝိန်းကြီးကျေးရွာထဲသို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နောင်ကျောရွာက နေအိမ် ၁၀ လုံးကျော်နဲ့ ကောင်ဝိန်းကြီးမှာ အိမ် ရှစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မေလ ၉ ရက်ကလည်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက နောင်ရင်းကျေးရွာ ရွာသူကြီး ခွန်ဇာခွန်နဲ့ ညီဖြစ်သူ ခွန်ပလွန်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို မေလ ၂ ရက်နေ့ကလည်း နောင်ဗိုကန်တော်လေး ရွာသူကြီး ဖြားခွန်လျောကို ဖမ်းဆီးသွားတာ အခုထိ ပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မေလ ၆ ရက်နေ့ကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအပါအဝင် ထီဗွာ(ရေဖြူ)ကျေးရွာက ဒေသခံကိုးဦးကို ဖမ်းဆီးသွားခဲ့ပြီး ပြန်လည်လွတ်မြောက်လာတာမရှိဘူးလို့လည်း ခွန်ရိမ်းယံက ပြောပါတယ်။
မေလအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) နဲ့ စစ်ကောင်စီတပ်တွနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေအကြား တိုက်ပွဲ ၂၄ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေဘက်က ၄၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးနဲ့ ညောင်ရွှေမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ PNLA တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေတာ လေးလကျော်လာပြီဖြစ်ပါတယ်။
ပအိုးဝ်လူငယ်အစည်းအရုံး (PYO) ရဲ့ မေလ ၂၈ရက်နေ့ ထုတ်ပြန်ချက်အရ တိုက်ပွဲကာလအတွင်း အရပ်သား ၇၅ ဦး သေဆုံးပြီး လူတစ်ရာနီးပါး (၉၉ဦး) ထိခိုက်ဒဏ်ရာရခဲ့သလို လူဦးရေ ခြောက်သောင်းကျော်ကတော့ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။