ဖားကန့်မှာ ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၃၀ ကျော် ပြန်လွတ်

RFA Burmese
2023.03.03
ဖားကန့်မှာ ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၃၀ ကျော် ပြန်လွတ် ဖားကန့်မြို့နယ် ရှရော်ခရွာသို့ ထွက်ပြေးလာခဲ့ကြသည့် စစ်ဘေးဒုက္ခသည်များ၏ မိုးကာတဲတချို့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ဖားကန့်မြို့နယ် ရှရော်ခကျေးရွာမှာ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဒေသခံ ၁၃၀ ကျော်ကို ကိုယ်ရေးအချက်အလက်တွေနဲ့ ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ယူပြီးနောက် မတ်လ ၂ ရက် မနေ့ ညနေက ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုယ်ရေးမှတ်တမ်းတွေယူပြီးနောက် သူတို့လိုချင်တဲ့သူတွေမဟုတ်ဘူးဆိုပြီး ပြန်လွှတ်ပေး လိုက်တာလို့ ရှရော်ခ ဒေသခံတစ်ဦးက ပြောပါတယ်။

“မတ်လ ၁ ရက်နေ့က ဖမ်းသွားတဲ့သူတွေအားလုံးကို မှတ်ပုံတင်နံပါတ်တွေ တောင်းတယ်။ ဓာတ်ပုံရိုက်တယ်။ ပြီးတော့ နာမည်မေးတယ်။ လိပ်စာတွေအကုန်လုံး မေးတယ်။ ပြီးတော့ သူတို့ဓာတ်ပုံတွေ အွန်လိုင်းကတစ်ဆင့် အထက်ကိုပို့တာပေါ့။ ပြီးတော့ သူတို့ လိုချင်တဲ့လူမဟုတ်ဘူးဆိုရင် ပြန်လွှတ်ပေးတာပေါ့။ မနေ့ ညနေပိုင်း ကစပြီး ၁၀ ယောက် တစ်တွဲစီပြန်လွှတ်တာ ညမှာတော့ အကုန်ပြန်လွတ်လာပြီ။ ဖမ်းခေါ်သွားတဲ့သူတွေကို သုံးယောက်တစ်တွဲကြိုးချည်ပြီး ထားတာပေါ့။ ရိုက်နှက် တာတွေတော့မရှိဘူး”

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ ညနေပိုင်းက အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်က ရွာထဲကို သေနတ် ပစ်ဖောက်ဝင်လာပြီးနောက် ကလေးငယ်တွေနဲ့ မိန်းကလေးတွေပါ မကျန် ရွာထဲကလူအားလုံးကို အိမ်ပြင်ထွက်ခိုင်းပြီးမှ အဲဒီအထဲကလူပေါင်း ၁၃၀ ကျော်ကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လိုအပ်နေသူတစ်ဦး ရှရော်ခရွာမှာရှိနေတယ်ဆိုတဲ့ သတင်းကြောင့် ဝင်ဖမ်းတာလို့ သတင်းထွက်နေပေမယ့် စစ်ကောင်စီတပ်ဘက်ကတော့ ဘာကြောင့်ဖမ်းဆီး တယ်ဆိုတာကို ထုတ်ဖော် ပြောတာ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ရှရော်ခကျေးရွာဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာ တစ်ပတ်လောက်ရှိပြီ လို့လည်း ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း ဖားကန့်မြို့နယ် စဗစ်ခူးရွာက ဒေသခံ ၅၀ ကျော် ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် သုံးရက်အကြာမှာ အားလုံးနီးပါးပြန်လွှတ်ပေး ခဲ့ပေမယ့် လူငယ်နှစ်ဦးကို ဒီနေ့အထိ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။