သာကေတမှာ အပူရှိန်ကြောင့် အမျိုးသားတစ်ဦး လဲကျသေဆုံး

RFA Burmese
2023.04.27
သာကေတမှာ အပူရှိန်ကြောင့် အမျိုးသားတစ်ဦး လဲကျသေဆုံး သာကေတတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ နေ့က အပူရှိန်ကြောင့် ဦးနှောက်သွေးကြောပြတ် လဲကျသေဆုံးခဲ့သည့် အမျိုးသားတစ်ဦးအား လူမှုကူညီရေးပရဟိတအဖွဲ့က ဆေးရုံပို့ဆောင်ရန် ကူညီနေသည်ကို တွေ့ရစဉ်။
ပေးဆပ်သူတို့ နှလုံးသားပရဟိတအသင်း

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁/ထူပါရုံ ရပ်ကွက်၊ မြင်တော်သာလမ်းမကြီးနဲ့ ရုပ်ရှင်ရုံ ထိပ်အနီးမှာ မနေ့က ဧပြီလ ၂၆ နေ့ ညနေ ၅ နာရီခွဲလောက်မှာ စားသောက်ဆိုင်တစ်ခုက ထလာတဲ့ အမျိုးသားတစ်ဦး ဆိုင်ရှေ့မှာတင် အပူရှိန်ကြောင့် ဦးနှောက်သွေးကြောပြတ် လဲကျသေဆုံးသွားခဲ့တယ်လို့ မြို့ခံ ပရဟိတအသင်းတွေက RFA ကို ပြောပါတယ်။

အမျိုးသားတစ်ဦး လဲကျသွားတယ်ဆိုတဲ့ သတင်းကြောင့် သွားရောက်ခဲ့ပေမယ့် အသက်ရှင်အောင် မကူညီနိုင်ခဲ့ဘူးလို့ ပေးဆပ်သူတို့ နှလုံးသားပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"လဲကျတဲ့လူရှေ့ရောက်ရောက်ချင်း မှောက်ခုံအနေထားနဲ့၊ ပါးစပ်ကလည်း အမြှုပ်တွေ ထွက်နေတာ စတွေ့ရတယ်။ အချိန်က ညနေစောင်းပြီဆိုပေမယ့် အပြင်မှာ အပူချိန်က အရမ်းပြင်းနေသေးတာ သတိထားမိတယ်။ အသက်ကိုမီပေမယ့် သူက တက်သလို ဖြစ်နေတယ်။ ပါးစပ်က အမြှုပ်တွေ အများကြီး။ ကျွန်တော်တို့လည်း သင်ယူလေ့လာ ထားတဲ့ ပညာတွေနဲ့ မြေပြင်ကုသမှု လုပ်နေတုန်း အနီးနားက အောင်မေတ္တာဆေးခန်းက ဆရာဝန်လည်းရောက်လာတယ်။ ဒါပေမဲ့ ဆရာဝန် မရောက်ခင်လေးပဲ လူနာက ကံမကောင်းဘူး၊ အသက်ဆုံးသွားတယ်"

ရောက်ရှိလာတဲ့ ဆရာဝန်ရဲ့မှတ်ချက်အရ လဲကျသေဆုံးသူမှာ အရက်သောက်ထားတဲ့ လက္ခဏာလည်း တွေ့ရပြီး ခန္ဓာကိုယ်က အပူရှိန်ဒဏ်ကို မခံနိုင်ဖြစ်ကာ ဦးနှောက် သွေးကြောပြတ် လဲကျသေဆုံးသွား တာဖြစ်တယ်လို့ အဲဒီ ရပ်ကွက်ဒေသခံ ပြည်သူတွေက ပြောပါတယ်။

လဲကျသေဆုံးသွားသူဟာ သာကေတမြို့နယ်၊ ဇင်္ဂမလမ်းထဲက ဖြစ်ပြီး အသက် ၄၀ လောက် ရှိတယ်လို့ဆိုပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို သာကေတမြို့နယ်၊ အောင်နိုင်သူ လူမှု ကူညီရေးယာဉ်နဲ့ သင်္ဃန်းကျွန်းစံပြ ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ဒီနှစ် မြန်မာနိုင်ငံတစ်ဝန်းလုံး နေ့အပူချိန်တွေ စံချိန်သစ်တင်ရလောက်တဲ့အထိ မြင့်တက်နေပြီး ရန်ကုန်မြို့မှာလည်း လျှပ်စစ်မီးတွေပြတ်ပြီး အပူချိန်တွေ သိသိသာသာ မြင့်တက်နေပါတယ်။

တခြားပြည်နယ်နဲ့တိုင်းတွေမှာလည်း အပူရှိန်မြင့်တက်မှုကြောင့် လူသေဆုံးကြရတာတွေ ရှိသလို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ သာကေတမြို့နယ်တွေမှာ လည်း အပူရှပ်သေဆုံးမှုတွေ ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။