တိုက်ပွဲကြောင့် ဂွမြို့က ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေး
2024.08.22

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကျိန္တလီမြို့မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဂွမြို့က ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သြဂုတ် ၁၂ ရက်နေ့ကစလို့ နေရပ်စွန့်ခွာမှုတွေ ရှိခဲ့တာဖြစ်ပြီး မြို့ပေါ်မှာ ဒေသခံတွေ နည်းပါးသွားတာကြောင့် လုပ်ငန်းအားလုံး ရပ်ဆိုင်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂွမြို့ကနေ ရန်ကုန်မြို့က ထွက်ပြေးလာသူတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲအခြေအနေက ကျွန်တော်တို့မြို့မှာတော့ ဘာမှမဖြစ်သေးဘူး။ ဖြစ်တာက ကျိန္တလီပေါ့။ ကျိန္တလီဆိုတော့ ဂွမြို့နဲ့ မိုင်လေးဆယ်လောက်တော့ ဝေးတယ်။ ဒီက လူတွေကလည်း နီးကပ်လာတော့ လန့်ပြီးတော့ ထွက်ပြေးကြတယ်။ လုပ်ငန်းတွေက အားလုံးရပ်သွားတာပေါ့”
ဂွမြို့နဲ့ မိုင်လေးဆယ်ခန့်ဝေးတဲ့ ကျိန္တလီမြို့က စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က သြဂုတ် ၁၂ ရက်နေ့မှာ စပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့မှာ ကျိန္တလီမြို့က အမှတ် (၁) နဲ့ အမှတ် (၃) ရပ်ကွက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုကို AA က သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။
ဒါကြောင့် ဂွမြို့ကို စစ်မီးကူးဆက်လာမှာ စိုးရိမ်တဲ့ဒေသခံတွေဟာ ဧရာဝတီတိုင်းက ရေကြည်၊ ကျုံပျော်နဲ့ ငသိုင်းချောင်းစတဲ့ မြို့တွေနဲ့ ရန်ကုန်မြို့တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ဂွမြို့မှာနေထိုင်သူ လူဦးရေ တစ်သောင်းခန့် (၉၅၁၀ ဦး) ရှိတာကြောင့် လက်ရှိ မြို့ပေါ်မှာ လူဦးရေ တစ်ဝက်ခန့်ပဲ ရှိပါတော့တယ်။
တိုက်ပွဲတွေကြောင့် ဂွမြို့နဲ့ သုံးမိုင်အကွာမှာ အကောင်အထည် ဖော်နေတဲ့ ရွှေရတီကမ်းခြေ အိမ်ရာစီမံကိန်းလည်း ရပ်နားထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
အာရက္ခတပ်တော် (AA) က ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ်နဲ့ တောင်ပြိုလက်ဝဲ၊ မအီ၊ ကမ်းထောင်းကြီးနဲ့ ကျိန္တလီ စတဲ့ မြို့နယ်ခွဲတွေကို သိမ်းပိုက်ထားပါတယ်။