စစ်ကောင်စီရဲ့ သေဒဏ်အမိန့်ကို ကန့်ကွက်ကြောင်း GSCB ထုတ်ပြန်
အာဏာသိမ်းစစ်ကောင်စီက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးအပေါ် ချမှတ်ထားတဲ့ သေဒဏ်အမိန့် အတည်ပြုချက်ကို ကန့်ကွက် ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က ဇွန်လ ၁၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်မှုဟာ တရားဥပဒေကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ GSCB အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ရဲ့ မတရားတဲ့ဥပဒေနဲ့ သေဒဏ်ချမှတ်တယ်ဆိုတာ တရားဥပဒေအရ ပြောင်ပြောင်တင်းတင်းကို ချိုးဖောက်လိုက်တာဖြစ်တယ်။ အပြစ်မရှိတဲ့ ပြည်သူတွေ အပေါ် သေဒဏ်ချမှတ်လောက်တဲ့အထိ ရက်ရက်စက်စက် သူတို့ အာဏာရှင်စနစ်ရဲ့ အကြောင်းကို မီးကုန်ယမ်းကုန်သုံးပြီး ထုတ်ပြနေတာဖြစ်တယ်။ အဲတော့ သပိတ် အင်အားစုအနေနဲ့လည်း ဆန့်ကျင်ကန့်ကွက်တယ်။ ဒီလိုမျိုး သေဒဏ်ချမှတ်တာဟာ အင်မတန်မှကို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့လုပ်ရပ် ဖြစ်တယ်။ အဲတော့ တစ်နိုင်ငံလုံး မှာရှိတဲ့ သပိတ်အင်အားစုတွေရော၊ တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ ရော ဒီလိုလုပ်ရပ်အပေါ် ဆက်လက်ပြီး ဆန့်ကျင်ကန့်ကွက်ကြမယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ်လည်း ညီညီညွတ်ညွတ်နဲ့ လက်တုံ့ပြန်သွားကြမယ်"
သေဒဏ်အတည်ပြုမှုဟာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေအပေါ် ထားတဲ့ စစ်ကောင်စီရဲ့ အမုန်းတရားနဲ့ အာဃာတတွေကို ဖော်ပြနေတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လည်း စစ်အုပ်စုရဲ့ တရားမဲ့ ပြုကျင့်မှုတွေကို တုံ့ပြန်ဒဏ်ခတ်ကြဖို့ GSCB ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
စစ်ခုံရုံးမှာ တရားစီရင်ပြီးနောက် သေဒဏ်ချမှတ်ခံထားရသူ ၁၀၀ ကျော်ထဲက ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ လေးဦးကို သေဒဏ် စီရင်သွားမယ့်အကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားတာပါ။
စစ်ကောင်စီရဲ့ သေဒဏ်အမိန့် အတည်ပြုချက်အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြစ်တင်ရှုတ်ချထားကြပါတယ်။