တပ်မတော်နဲ့ TNLA တိုက်ပွဲဖြစ်
2018.02.05
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖာဖိုင်ကျေးရွာနဲ့ ငေါ့ငါးကျေးရွာ အကြားမှာ တအာင်းတပ်မတော်နဲ့ အစိုးရတပ်မတော်တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်နဲ့ လေကြောင်း ပစ်ကူတွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ဒီနေ့ ပြောပါတယ်။
တပ်မဟာ ၁ နယ်မြေမှာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်လာပြီး နှစ်ဖက်တပ် တွေ့ဆုံစဉ်မှာ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။
"ဒီမနက် ၇ နာရီကျော်ပေါ့နော်။ ကွတ်ခိုင်မြို့နယ် ဖာပွန်ကျေးရွာနဲ့ ငေါ့ငါးရွာကြားမှာ ကျနော်တို့ တပ်မ ၁၁ တိုက်ပွဲ ဖြစ်ပွားတယ်။ တိုက်ပွဲက ကြာတဲ့အချိန်ကျတော့ မြန်မာ့တပ်မတော် ထိခိုက်မှုကတော့ များတယ်။ များလာတဲ့ အချိန်ကျတော့ ၁၀ နာရီကျော်ကျော်လောက်ကျတော့ သူတို့ ရဟတ်ယာဉ် ၂ စီးနဲ့ နာရီဝက် နီးပါးလောက် ပြန်ပြီးပစ်ခတ်တယ် ထိခိုက်ဒဏ်ရရှိမှုတော့ ကျနော်တို့ဘက်ကတော့ မရှိဘူး။ မြန်မာ့တပ်မတော် ကတော့ ထိခိုက်မှုကတော့ များတယ်။ အရေအတွက်ကတော့ မသိဘူး။ ထိခိုက်မှုများတော့ သူတို့က လေကြောင်း ပစ်ကူနဲ့ ရဟတ်ယာဉ် ၂ စီး ပါတယ် ခင်ဗျ"
ဒီနေ့ မနက်ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့ဘွတ်စ်မှာ သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။
တပ်မတော်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာဟာ ဒီနှစ်ထဲမှာတော့ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာ့ တပ်မတော်နဲ့ TNLA တို့ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာ ခန့်မှန်းအကြိမ် ၅၀ လောက်ရှိမယ်လို့လည်း ပြောပါတယ်။
ဒီလအတွင်း ကျင်းပဖို့ လျာထားတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ကြားတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။
တပ်မတော်နဲ့ TNLA ကြား ရှမ်းပြည်နယ် ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ဟာ အစိုးရနဲ့ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီ FPNCC အဖွဲ့ဝင် ဖြစ်ပါတယ်။