ရွှေနဲ့ ဒေါ်လာဈေး ဆက်တိုက်မြင့်တက်နေ

RFA Burmese
2024.05.22
ရွှေနဲ့ ဒေါ်လာဈေး ဆက်တိုက်မြင့်တက်နေ ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းမကြီးပေါ်ရှိ ရတနာရွှေဆိုင်တစ်ဆိုင်တွင် ရွှေဝယ်နေကြသူများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မေလ ပထမအပတ်ကစလို့ တဖြည်းဖြည်းမြင့်တက်လာတဲ့ ရွှေနဲ့ဒေါ်လာဈေးတွေဟာ ပြန်မကျဘဲ ဆက်တိုက်မြင့်တက်နေတယ်လို့ ရွှေနဲ့ ဒေါ်လာလုပ်ငန်း လုပ်ကိုင်နေသူတွေက မေ ၂၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။

မေ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၅၂ သိန်းနီးပါး (၅,၁၆၀,၀၀၀) အထိရှိလာပြီး အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းကလည်း တစ်ဒေါ်လာကို ငွေကျပ် လေးထောင်ကျော် (၄,၀၆၀) အထိ ရှိလာပါတယ်။

ပြည်တွင်းထဲက ရွှေတွင်းတွေ မိုးရာသီကာလ ရပ်နားလာတာ၊ ကမ္ဘာ့ရွှေဈေးတွေ မြင့်တက်လာတာကြောင့် ရွှေဈေးတွေ အခုရက်ပိုင်း မြင့်တက်လာတာလို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ရွှေဈေးတွေ မြင့်တက်လာတာကြောင့် ပြည်တွင်း ငွေလဲဈေးကွက်မှာ ဒေါ်လာဈေးက လိုက်ပြီးမြင့်တက်လာတာလို့ နိုင်ငံခြား ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကမ္ဘာ့ရွှေဈေးတက်တော့ ပြည်တွင်းရွှေဈေးက တက်လာပြီး ဒေါ်လာပါ တက်လာတာ။ ရွှေတုံးက ဒေါ်လာနဲ့ ဝယ်ရတာ။ ဒေါ်လာနဲ့ပဲ ရှင်းရတော့ ဒေါ်လာဈေးပါ တက်လာတာပေါ့”

ကမ္ဘာ့ရွှေဈေးတက်နေရင် ပြည်တွင်းရွှေဈေးတွေပြန်ကျဖို့ မလွယ်ကူတာကြောင့် ဒေါ်လာဈေးလည်း ဆက်လက်မြင့်တက်နိုင်တယ်လို့ သူက ဆိုပါတယ်။

မေ ၂၂ ရက်နေ့ မနက်ပိုင်းမှာတော့ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၄၂၃ ဒေါ်လာ ရှိလာပါတယ်။

ရန်ကုန်ရွှေအသင်းရဲ့ မေလ ၂၁ ရက်နေ့ ဈေးနှုန်းထုတ်ပြန်ချက်ထဲမှာတော့ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် သိန်း ၄၀ (၃,၉၉၉,၈၀၀) သာ သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်မှတော့ ဈေးတွေ ဆက်တိုက်မြင့်တက်နေတာပါ။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ပြင်ပဈေးကွက်မှာ ဈေးကစားသူတွေကို ထိထိရောက်ရောက်အရေးယူမယ်လို့ မကြာခဏပြောနေပေမဲ့ ရွှေနဲ့ဒေါ်လာဈေးတွေ ကျဆင်းမသွားသေးပါဘူး။

စစ်တပ်အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၃၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိ အာဏာသိမ်း သုံးနှစ်ကျော်အတွင်းမှာ ရွှေဈေးနှုန်း လေးဆနီးပါး မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။