ထိုင်းရောက် မြန်မာငါးဖမ်းလှေ ဂတ်စ်အိုးပေါက်လို့ တစ်ဦးသေ
2013.10.07
ထိုင်းနိုင်ငံ ရနောင်းမြို့က ပါနမ့်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ မြန်မာနိုင်ငံက ငါးဖမ်းစက်လှေတစ်စီးပေါ်မှာ ဂတ်စ်အိုးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့လို့ စက်လှေပေါ်မှာလိုက်ပါသွားတဲ့ မြန်မာနုိင်ငံသား ၁ ယောက် သေဆုံးခဲ့ပြီး ၆ ယောက်ကတော့ မီးလောင်ဒဏ်ရာတွေ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ မြိတ်မြို့ကနေ တရားဝင်ဆိုက်ရောက်လာတဲ့ မြတ်ဝင်းသိန်း ၁ (MWT 1) ငါးဖမ်းလှေပေါ်က ရေထွက်ပစ္စည်းတွေ ချပြီးတဲ့နောက် မြန်မာနိုင်ငံဘက်ကို ပြန်ယူသွားမယ့် ဂတ်စ်အိုးတွေနဲ့ သစ်သီးဝလံတွေ တင်ဆောင်အပြီး မနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ထိုင်းကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့က မိတ်သသဟာရ နာရေးကူညီမှုအသင်းရဲ့ ဘဏ္ဍာရေးတာဝန်ခံ ဦးဝတုတ်က ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောဆိုပါတယ်။
"ကျနော်တို့က နာရေးအသင်းဆိုတော့ သေတဲ့လူကို အခုကျောင်းမှာ အသုဘလုပ်ဖို့ စီစဉ်နေတယ်၊ ကျန်တဲ့သူတွေကတော့ ဆေးရုံမှာပဲ ရှိသေးတယ်ခင်ဗျ၊ လှေထဲကဂတ်စ်အိုးဆိုတော့ သိတဲ့အတိုင်းပေါ့၊ ဖင်လေးဘာလေး ဆွေးနေတာရှိရင်လည်း ရှိမှာပေါ့။ အဲ့ဒါ ထမင်းစားချိန်မှာ ဂတ်စ်အိုးနားမှာ မီးဖိုနားမှာလူစုပြီး၊ လူများတဲ့အချိန်မှာ ဂတ်စ်အိုးက ထပေါက်တယ်ဆိုတော့ အနီးဆုံးလူက သေဆုံးသွားတာ"
ပေါက်ကွဲမှုကြောင့် အသက် ၂၅ နှစ်အရွယ် မောင်ကျော်ဆိုသူဟာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သတွေကတော့ အသက် ၃၅ နှစ်အရွယ် မောင်ကျော်ဦး၊ အသက် ၂၅ နှစ်အရွယ် မောင်မျိုုးနဲ့ အသက် ၂ဝ အရွယ် မောင်ဌေးဆိုသူတွေဖြစ်ပြီး ခန္ဒာကိုယ်မှာ ၇ဝ ရာခိုင်နှုန်းလောက် မီးလောင်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
အသက် ၃၉ နှစ်အရွယ် ဦးမေ ၊ ဦးဇော်နဲ့ အသက် ၁၉ နှစ်အရွယ် မောင်ေဝ ဆိုသူတွေကတော့ ခန္ဒာကိုယ်မှာ ၃ဝ ရာခိုင်နှုန်းလောက် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ဒဏ်ရာရခဲ့ကြသူတွေအားလုံးကို ရနောင်းမြို့ ဆေးရုံကို ပို့ဆောင်ထားပြီး အရေးပေါ်ဆေးကုသမှု ခံယူနေကြရတယ်လို့လည်း သိရပါတယ်။