မြန်မာနိုင်ငံမှာ လောင်းကစား လုပ်ငန်း တရားဝင်ခွင့်ပြုဖို့စီစဉ်
2014.10.22
မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် ကာစီနို လောင်းကစားရုံတွေ အပါအဝင် လောင်းကစား လုပ်ငန်းတချို့ တရားဝင်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖေါ်ပြပါတယ်။
အပြီးသတ်ပြောင်းလဲပြင်ဆင်ထားတဲ့ လောင်းကစားဥပဒေကို လွှတ်တော်မှာ တင်သွင်းဖို့ အသင့်ဖြစ်နေပြီ ဖြစ်ပြီး၊ လွှတ်တော်ကနေ အကြံပြု၊ ဆွေးနွေး၊ အတည်ပြုတာတွေ ဆောင်ရွက်သွားမှာဖြစ်တယ်၊ ဒါဟာ နိုင်ငံအတွက် ဝင်ငွေတိုးလာမှာဖြစ်တယ်လို့ အဲ့ဒီ အရာရှိကပြောပါတယ်။
လွှတ်တော်ကခွင့်ပြုမယ်ဆိုရင် တရားဝင်လောင်းကစားဝိုင်းတွေကို နိုင်ငံခြားသားတွေအတွက် ကြယ်သုံးပွင့်အထက် အဆင်မြင့်ဟိုတယ်ကြီးတွေမှာသာ ဖွင့်လှစ်ခွင့်ပြုမှာဖြစ်ကြောင်း သိရပါတယ်။
၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံချက်မှာ လောင်းကစား လုပ်ငန်းတချို့ကို တရားဝင် ပြဌာန်းသင့် မသင့် အဆိုပြုချက်ပါဝင်ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို ပြည်ပခရီးသွား တစ်နှစ် ၇ သန်း ဝင်ရောက်ဖို့ မျှော်မှန်းထားပါတယ်။