သုံးနှစ်ကျော်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုသူ နှစ်ရာကျော် ဖမ်းဆီးခံရ
2024.10.14
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုသူ နှစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့ အသံ - Athan အဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို အောက်တိုဘာလ ၁၄ ရက် ဒီနေ့ ပြောပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်အတွက် လှုပ်ရှားနေတဲ့ အသံ - Athan အဖွဲ့ရဲ့ အောက်တိုဘာလ ၁၁ ရက် ထုတ်ပြန်ချက်ထဲမှာလည်း နိုင်ငံတစ်ဝန်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ပြီး ဖမ်းဆီးခံရသူ ၂၀၂ ဦးအထိရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲ အများဆုံးက အရပ်သားတွေ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အသံ - Athan အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အရပ်သားတွေက အများဆုံးအဖမ်းခံရတယ်။ တခြားသော အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူသိထင်ရှားတဲ့သူတွေလည်းပါတယ်”
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခဲ့မှုကြောင့် အရပ်သား ၁၆၀၊ အနုပညာရှင် ၁၃ ဦး၊ စီးပွားရေးလုပ်ငန်းရှင် ၁၁ ဦး၊ လူမှုဝန်ထမ်း ကိုးဦး၊ လူသိထင်ရှားသူ လေးဦး၊ အစိုးရဝန်ထမ်း နှစ်ဦး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်၊ ကျောင်းသူကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူ တစ်ဦးစီ ဖမ်းဆီးခံထားရတာပါ။
သတင်းတွေကို ရေးသားဖော်ပြရင်း ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ သတင်းသမားတစ်ဦးကလည်း စစ်ကောင်စီဟာ သူတို့နဲ့ ဆန့်ကျင်ကြောင်းရေးသားသူမှန်သမျှကို ဖမ်းဆီးနေတာလို့ RFA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ သတင်းစာတွေမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ လူထုလှုပ်ရှားမှုမှာပါဝင်သူတွေရဲ့ ပြောကြားချက်တွေကို မှတ်ချက်ပေးတာ၊ ဖြန့်ဝေသူတွေကို နေ့စဉ်ဖမ်းဆီးနေတဲ့အကြောင်း ဖော်ပြပါတယ်။
နိင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၁၁ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် အကျဥ်းထောင်အသီးသီးမှာ လူနှစ်သောင်းတစ်ထောင်ကျော် (၂၁,၀၄၄ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။