ဒီပဲယင်းတိုက်ပွဲမှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံထားရသူတွေကို ကယ်ထုတ်နိုင်ခဲ့
2024.08.21

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း ရဲစခန်းအချုပ်မှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံထားရသူတွေအပါအဝင် အချုပ်သားနှစ်ဆယ်ကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သြဂုတ်လ ၂၁ ရက် ဒီနေ့မှာ ပြောပါတယ်။
ဒီပဲယင်းမြို့ကို သိမ်းပိုက်နိုင်တဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး အဲဒီအချုပ်သားနှစ်ဆယ်ထဲမှာ အများစုက နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေလို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီအချုပ်သားတွေကို စိစစ်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“များသောအားဖြင့် ဒီပဲယင်းမြို့နယ်ထဲက လူတွေပဲ။ ၁၇ ယောက်က ဒီပဲယင်းက၊ အဲဒါ ရွာခံအဖွဲ့အစည်းခေါင်းဆောင်တွေက အာမခံနဲ့ ထုတ်သွားပြီ။ ကျန်တဲ့ သုံးယောက်ကတော့ မန္တလေးဘက်က သစ်မှုနဲ့လို့ ပြောတယ်။ သူတို့ပဲ ကျန်တော့တာ”
ပြန်လွတ်လာတဲ့ အချုပ်သားတွေရဲ့ အသေးစိတ် အချက်အလက်တွေကို သိနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေပါတယ်။
အချုပ်သားနှစ်ဆယ်အပြင် လက်နက်ချခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင်နှစ်ဦး၊ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်း (Non CDM) လေးဆယ်ဦးနဲ့ ပြည်သူ ၇၂ ဦးတို့ကိုလည်း မြို့ကနေ ခေါ်ထုတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမှတ် - ၁ စစ်ဒေသက သြဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီပဲယင်း မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးပြီး ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က လေးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီပဲယင်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဟာ တောင်ပြင်ငယ်ရပ်ကွက်အတွင်းက နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့တဲ့အခါ လတ်တလောဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာတွေကို သြဂုတ် ၁၅ ရက်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သြဂုတ် ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။
ဒါပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်တာနဲ့ စစ်အင်အား ထပ်ဖြည့်တာတွေ ပြုလုပ်ပြီး သြဂုတ်လ ၁၈ ရက် ညနေပိုင်းမှာ မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။