ရန်ကုန်က လူငယ်လေးဦး ထောင်တစ်သက်ချခံရ

2022.01.21
ရန်ကုန်က လူငယ်လေးဦး ထောင်တစ်သက်ချခံရ စစ်ခုံရုံးကနေ ထောင်ဒဏ်တစ်သက် ချမှတ်ခံရတဲ့ ရန်ကုန်မြို့က လူငယ်လေးဦးပုံကို ၂၀၂၂ ဇန်နဝါရီ ၂၀ ရက်နေ့က စစ်တပ်မီဒီယာမှာ ဖော်ပြထားစဥ်
Photo: www.myawady.net.mm
ရန်ကုန်မြို့က လူငယ်လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅ဝ(ည)၊ ၅ဝ(ဈ) တို့နဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က စစ်ခုံရုံးကနေ ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
 
ရန်ကုန်တိုင်း လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်းနဲ့ ဗဟန်းမြို့နယ်တွေက ကိုသက်ကိုဦး၊ ကိုမျိုးမင်းခိုင် (ခ)ကိုမင်းခန့်၊ ကိုနေအေး(ခ)ကိုအာကာသက်ပိုင်မျိုး၊ ကိုအောင်ရဲဝင့် (ခ) တိုက်တိုင်းအောင် တို့ဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ် ဆောင်ရွက်တယ်ဆိုပြီး စစ်ခုံရုံးက အခုလို အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။
 
အခုလို လူငယ်တွေကို တမင်ရည်ရွယ်ချက်နဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်နေတာက မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့် က ပြောပါတယ်။
 
"အမိန့်တစ်ခုချရင်လည်း သူ့ဘဝ ပြုပြင်ပြောင်းလဲရေးအတွက်ပဲ ဦးတည်ရတယ်။ သူတို့ဘဝကို အညွှန့်ချိုးတဲ့ပုံစံမျိုး လက်စားချေတဲ့ပုံစံမျိုး ဥပဒေက အပြစ်ပေးလို့မရဘူး။ ကျနော်တို့ မြင်တာကတော့ စွဲတဲ့ပုဒ်မကိုက ပြစ်ဒဏ် ကြီးကြီးမားမားကျစေလိုတဲ့ ရည်ရွယ်ချက် ပါနေတဲ့အတွက် ဒါကတော့ သိပ်ပြီးတော့ သင့်လျော်တယ်လို့တော့ ဥပဒေသမားအနေနဲ့ မမြင်ပါဘူး"
 
ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့လူငယ်တွေကို စွပ်စွဲနေတဲ့ ဥပဒေတွေဟာ အကြမ်းဖက် ဥပဒေတွေ ဖြစ်နေတဲ့အတွက် တရားရေးစနစ်ကို ကာကွယ်ဖို့ထက် စစ်ကောင်စီက သူတို့ကိုကာကွယ်ဖို့အတွက် အသုံးချနေတာလို့ မြင်ကြောင်း ရန်ကုန်မြို့ခံ လူငယ် တစ်ယောက်က ပြောပါတယ်။
 
"လူငယ်ဆိုတာ တိုင်းပြည်အနာဂတ်ပဲဖြစ်ပါတယ်။ သူတို့လက်ထဲမှာပဲရှိတယ်။ သူတို့ကပဲ ဖန်တီးရမှာဖြစ်တဲ့အတွက် လူငယ်တွေကို အခုလို ထောင်ချတာ၊ သေဒဏ်ပေးတာတွေက နိုင်ငံရဲ့ အနာဂတ်ကို သေဒဏ်ချတာ ထောင်ချတာနဲ့ တူတူပဲ ဖြစ်ပါတယ်"
 
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့နှစ် မတ်လ ၁၅ ရက်နေ့ကစလို့ ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာ စတဲ့ မြို့နယ်ခြောက်ခုကို စစ်အုပ်ချုပ်ရေးကြေညာပြီး ပြစ်မှု ၂၃ ခုကို စစ်ခုံရုံးတွေနဲ့ စီရင်နိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။
 
RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီး ချိန်ကနေ ဒီနေ့အထိ ရန်ကုန်မြို့က စစ်ခုံရုံးအသီးသီးကနေ သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက် အပါအဝင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတဲ့သူပေါင်း ၁၄၁ ဦး ရှိနေပြီဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။