ခင်ဦးမြို့ ပျဉ်ထောင်ရွာမှာ စစ်တပ်ကပစ်လို့ လေးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ပျဉ်ထောင်ရွာထဲကို အောက်တိုဘာလ ၁ ရက် ဒီနေ့ မနက် အစောပိုင်း ၄ နာရီခွဲချိန်လောက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ပစ်ခတ်ဖမ်းဆီးတာကြောင့် အသက် ငါးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူတွေကတော့ အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၃၅ နှစ်အရွယ် ကိုထွန်းစီ၊ အသက် ၃၃ နှစ်အရွယ် ကိုပုချိုနဲ့ အသက် ၄၅ နှစ်အရွယ် ဦးအောင်ဦးတို့ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်းရှိတယ်ဆိုပြီး ဒလံရဲ့မဟုတ်မမှန် သတင်း ပေးမှုကြောင့် ကား၊ မော်တော်ဆိုင်ကယ်နဲ့ ခြေလျင်စတဲ့ လမ်းကြောင်းသုံးခုနဲ့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။
နေ့လယ်ပိုင်း စစ်ကောင်စီတပ်သားတွေ ရွာထဲကပြန်ထွက်သွားချိန်မှာမှ လေးဦးအလောင်း ပြန်တွေ့ခဲ့ရပြီး နေအိမ်တစ်လုံးလည်း မီးရှို့ခံရတဲ့အပြင် ဆိတ်တွေကိုပါ သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးဒဏ်ရာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံရဲ့ ပြောဆိုမှုအပေါ် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။