တန့်ဆည်မြို့ ရွာသာယာရွာက ဒေသခံ လေးဦး အဖမ်းခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ရွာသာယာရွာကို ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်စီးနင်းပြီး ရွာသား လေးဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံထားရသူတွေကတော့ ကိုထွန်းဇော်မိုး၊ ကိုဘိုမြင့်၊ ကိုသန်းစိုးနဲ့ ကိုကျော်သူအောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ ရွာထဲကို သေနတ်ပစ်ဖောက် ဝင်ရောက်လာခဲ့ပြီး ဒေသခံ ၆၂ ဦးကို ဖမ်းခေါ်သွား ပြီးနောက် လေးဦးကိုတော့ ပြန်မလွှတ်ဘဲ ရိုက်နှက်စစ်ဆေးနေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။
“ရွာထဲမှာ တွေ့သမျှယောင်္ကျားလေးတွေကို ဖမ်းပြီးတော့ ခေါ်သွားတယ်၊ ဖုန်းတွေအားလုံးစစ်တယ်၊ နေ့လယ် ၁၂ လောက်မှတော့ လေးဦးကို လုံးဝကြိုးတုပ်ပြီး ရိုက်နှက်စစ်ဆေးနေတယ်၊ ကျန်သူတွေတော့ ပြန်လွှတ်လိုက်တယ်” လို့ ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်ဟာ ရွာသာယာရွာထိပ် ဘုရားကြီးဝင်းထဲမှာ တပ်စွဲ ထားပြီး ရွာသားလေးဦးကိုလည်း အဲဒီမှာပဲ ဖမ်းခေါ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ရွာသာယာရွာအနားမှာ စစ်ကောင်စီသတင်းပေး ပျူစောထီး အဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ရွာထဲက နေအိမ်သုံးလုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။