အမျိုးသမီးရှေ့နေ လေးဦး မန္တလေးမှာ အဖမ်းခံရ
2021.12.21

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၃ ရဲစခန်း ဝင်းအနီးမှာ ရုံးခန်းဖွင့်လှစ်ထားတဲ့ ရွှေအလင်း ဥပဒေအကျိုးဆောင်လုပ်ငန်းက တရားလွှတ်တော် ရှေ့နေတွေဖြစ်တဲ့၊ ဒေါ်အိအိချို၊ ဒေါ်လွင်လွင်မာတို့နဲ့အတူ အငယ်တန်းရှေ့နေ အမျိုးသမီးငယ်နှစ်ဦးတို့ကို ရဲတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ရက် တနင်္ဂနွေနေ့ ညနေက ရုံးခန်းမှာ လာပြီးဖမ်းသွားခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ကတော့ ချမ်းမြသာစည် အမှတ်-၃ ရဲစခန်းအနားမှာ ရှေ့နေရုံးခန်းဖွင့်ထားတယ်။ ရဲတွေက မေးမြန်းစရာရှိတယ်ဆိုပြီး ဖမ်းသွားတာလို့ သိရပါတယ်။ ရဲစခန်းအနီးမှာ ရဲစခန်းကိုပတ်ပြီး ဆိုင်ခန်းတွေ ရှိတယ်လေ။ အဲဒီမှာ ဖွင့်ထားတာ။ ရွှေအလင်း ဥပဒေအကျိုးဆောင် လုပ်ငန်း ဆိုပြီးတော့ အဲဒီဆိုင်းဘုတ်နဲ့ ဖွင့်ထားတာ။ နာမည်ကတော့ နှစ်ယောက်ပဲ သိတယ်။ တစ်ယောက်က ဒေါ်အိအိချို။ တစ်ယောက်က ဒေါ်လွင်လွင်မာ။ ကျန်တဲ့ နှစ်ယောက်ကတော့ ဂျူနီယာတွေပေါ့။ နာမည်တော့ မသိဘူး။ ဆရာမ ဒေါ်လွင်လွင်မာကတော့ ပြည်သူ့ရှေ့နေဆိုတဲ့အဖွဲ့နဲ့ ပုဒ်မ ၅၀၅ (က) နဲ့ စွဲခံရတဲ့ အမှုတွေကို တက်ကြွစွာ အမှုတွေလိုက်ပေးနေတဲ့ ဆရာမဖြစ်တယ်။ ဆရာမ ဒေါ်အိအိချိုက အရင်တုန်းက ရဲဝန်ထမ်း၊ အလုပ်ကနေထွက်ပြီး ရှေ့နေအလုပ်ကို လုပ်တာ။ သူတို့ ရုံးခန်းမှာ ဆုံနေတဲ့အချိန် ညနေပိုင်းမှာ ဝင်ပြီး ဖမ်းတာလို့ သိရပါတယ်။ အဲဒီညနေမှာ အဖမ်းခံရပြီး၊ တနင်္လာနေ့ မနက်မှ အဖမ်းခံရမှန်းသိတာ။”
ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံရသူတွေကို ဥပဒေရေးရာ အကူအညီပေးနေတဲ့ မန္တလေးက ရှေ့နေအမျိုးသမီးလေးဦး ဖမ်းဆီးခံရတယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ဒီအကြောင်းကို အတည်ပြုနိုင်ဖို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဖြေကြားခဲ့ခြင်း မရှိပါဘူး။
ရွှေအလင်းဥပဒေအကျိုးဆောင်အဖွဲ့က ရှေ့နေအမျိုးသမီးတွေဟာ မန္တလေးမြို့မှာ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပြည်သူ့ရှေ့နေ အဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက် အာဏာပိုင်တွေက ခြိမ်းခြောက်တဲ့အနေနဲ့ အခုလို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ယူဆတဲ့ အကြောင်း ရှေ့နေအမျိုးသမီးတွေနဲ့ နီးစပ်သူက RFA ကို ပြောပါတယ်။
“သူတို့က ပြည်သူ့ရှေ့နေဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားတဲ့ ရှေ့နေအဖွဲ့တွေရှိတယ်။ အချို့က အောင်မြေသာဇံကို တာဝန်ယူတယ်။ အချို့က ချမ်းအေးသာဇံ၊ အချို့က ချမ်းမြသာစည်၊ မြို့နယ်အလိုက် တာဝန်ယူကြတာ။ အဖမ်းခံရတဲ့ ဆရာမက ချမ်းမြသာစည်ကို တာဝန်ယူတဲ့အထဲက တစ်ယောက်။ ချမ်းမြအုပ်စုက အများကြီးပဲ။ နောက်ပြီး ချမ်းမြဆိုတာက PDF အဖွဲ့တွေ အများကြီး ဖမ်းမိတဲ့ မြို့နယ်။ အမြဲတမ်း ပစ်ခတ်တာတွေ ဖြစ်တဲ့ မြရည်နန္ဒာ ဆိုတာ အောင်ပင်လယ် စခန်းရဲ့ အပိုင်၊ ချမ်းမြသာစည် မြို့နယ်တရားရုံးရဲ့ နယ်မြေထဲမှာပါတာ။ အဲဒါတွေနဲ့လည်း ဆိုင်မှာပေါ့။ ဆရာမ ဒေါ်လွင်လွင်မာကတော့ ၅၀၅ (က) တွေနဲ့ ပတ်သက်ပြီး ထောင်တွေထဲမှာ အထူးတရားရုံးမှာ လိုက်နေတုန်း နှစ်ကြိမ် သုံးကြိမ် သတိပေးခံခဲ့ရတယ်။ ဒီ ဆရာမတွေကို ဖမ်းတဲ့ ရည်ရွယ်ချက်တွေ အများကြီး ရှိမှာပေါ့။ ရှေ့နေတွေ နောက်ပိုင်း ၅၀၅ (က) အမှုတွေကို မလိုက်ရဲတော့အောင် လုပ်သလားလို့ပဲ ယူဆတယ်”
အခုရက်ပိုင်းတွေအတွင်း မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ သက်ဆိုင်ရာ မြို့နယ်တွေအလိုက် အဆက်မပြတ် ကင်းလှည့်နေတာတွေ ရှိနေပြီး၊ သူတို့က ဖမ်းဆီးတာကို ခံရရင် မန္တလေးနန်းတွင်းမှာ ရှိတဲ့ စစ်ကြောရေးစခန်းကို ခေါ်ဆောင်သွားလေ့ ရှိကြောင်း၊ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသူတွေကိုတော့ ဒေသဆိုင်ရာ မန္တလေးတိုင်း၊ ရဲဌာနရုံးမှာပဲ ထိန်းသိမ်းထားပြီး စစ်ဆေးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေး မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရှေ့နေလေးဦး တပြိုင်နက်တည်း အဖမ်းခံရတာကတော့ အခုတစ်ကြိမ် ပထမဆုံးဖြစ်ပါတယ်။