ကချင်မှာ ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် တိုက်ခိုက်မှု KIA တပ်သားလေးဦး ကျဆုံး

2021.05.27
ကချင်မှာ ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် တိုက်ခိုက်မှု KIA တပ်သားလေးဦး ကျဆုံး ကျဆုံးသွားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်သား လေးဦးကို တွေ့ရစဉ်
Photo: CJ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇင်သန့်နေအိမ်ကို မေလ ၂၆ ရက် မနေ့ညနေ ၄ နာရီဝန်းကျင်လောက်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ရှောင်တ ခင် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာမှာ KIA စစ်သား လေးဦး သေဆုံးခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာသားတွေက ပြောပါတယ်။

အဲဒီအိမ်မှာ စစ်ကောင်စီရဲ့ ခလရ(၂၉၇)တပ်ရင်းက စစ်သား ၅၀ ခန့်က အဆင့်သင့်စောင့်ဆိုင်းပြီး ပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် KIA ဘက်က လေးဦး သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှဒူးဇွပ် ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်မှာ ဖြစ်တယ်လို့ သိရတယ်ဗျ။ ရှဒူးဇွပ်မှာကျတော့ ခလရ (၂၉၇) ဆိုတာရှိတယ်ဗျ။ ရွာထဲမှာတော့ မှန်တယ်။ KIA ဘက်က လေးယောက်တော့ ကျသွားတယ်”

ရှဒူးဇွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနော်လီကို ကလည်း မနေ့ကဖြစ်စဉ်မှာ KIA ဘက်က စစ်သား လေးဦး ကျဆုံးခဲ့တာ မှန်ကန်တယ်ကြောင်း RFA ကို အတည်ပြုပြောဆိုပါတယ်။

KIA စစ်သား သုံးဦးကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့လည်း ဒေသခံရွာသားတွေက ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်အိမ်ကို ဘာကြောင့် ဝင်ရောက်ပစ်ခတ်ဖို့ကြိုးစားခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။

မနေ့ကဖြစ်စဉ်နဲ့ပတ်သက်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်နေပေမယ့် အကြောင်းမပြန်သေးပါဘူး။

တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း မတ်လ အစပိုင်းလောက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ KIA တို့ ရှဒူးဇွပ်ကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။