လက်နက်ကိုင် အဖွဲ့ကြီးလေးဖွဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး


2015.02.01
wa-soliders-620.jpg ဝ လက်နက်ကိုင် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
(Photo: AFP)

ငြိမ်းချမ်းရေးဖော်ဆောင်ရေးစာချုပ် လက်မှတ်ရေး ထိုးနိုင်ဖို့အတွက် ဇန်နဝါရီလ ၃ဝ ရက်နေ့က အထူးဒေသ (၄) မိုင်းလားဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီးလေးဖွဲ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို KNU ကရင်အမျိုးသားအစည်းအရုံး၊ UWSA ဝပြည်သွေးစည်းညီညွတ်ရေး၊ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေး၊ ရှမ်းပြည်တပ်မတော်နဲ့ မိုင်းလား အထူးဒေသ (၄) MDAA အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြပါတယ်။

လက်ရှိအခြေအနေအရ လာမယ့်ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ တစ်ပြည်လုံးအပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုရေးမှာ အခက်အခဲတွေ ရှိနေနိုင်တဲ့အတွက် တစ်ပြည်လုံး စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အခုလို ငြိမ်းချမ်းရေး ဖော်ဆောင်ရေးစာချုပ်ကို ချုပ်ဆိုဖို့လိုအပ်နေတယ်လို့  ဆွေးနွေးပွဲတက်ရောက်သူ RCSS/SSA က ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းက ပြောပါတယ်။

"MCA မထိုးနိုင်ဘူးဆိုရင် ဒီနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီး ဒီကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုနေ တဲ့ ကိစ္စကြီးက ပေါ်ပေါက်လာပါ့မလား ဆိုတဲ့ကိစ္စကြီးပါ၊ အဲ့ဒီ နှစ်ခုပေါ်ပေါက်ခြင်း မရှိဘူးဆိုရင် အစိုးရက လည်း ပြောနေရတာကလည်း တစ်မျိုး၊ နောက်ပြီးတော့ ကျနော်တို့ တိုင်ရင်းသားဘက်ကနေ ပြောနေကြတာ လည်း တစ်မျိုး၊ အဲ့ဒါ ကျနော်တို့ ဘယ်လိုဆက်သွားကြမလဲ၊ ဒီနှစ်ခု မပျက်သွားအောင် ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေးစာချုပ်ကနေတဆင့် ဒီနှစ်ခုကို ထိန်းသိမ်းပေးနိုင်ရင်တော့ ကောင်းတဲ့အလား အလာတစ်ခု ဖြစ်လာနိုင်တယ် ဆိုပြီးတော့ညှိကြတာပါ"

စာချုပ်မှာ တစ်ပြည်လုံး အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ သန္နိဌာန်ချပြီး ပင်လုံသဘောတူညီချက်ပါ အချက်တွေကို လက်ခံပြီး အကောင်အထည်ဖော်ဆောင်ရွက်ဖို့  စတဲ့အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အစည်းအဝေးကို ယူရိုဘားမားအဖွဲ့နဲ့ ပြည်ထောင်စု Institute တို့က ဦးစီးဆောင်ရွက်တာဖြစ်ပြီး တခြားလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ပါ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းနဲ့  RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။