မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းနဲ့ သူ့ဖခင် အဖမ်းခံရ
2021.11.23
မန္တလေးတိုင်း မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်နဲ့ ဖခင်ဖြစ်သူတို့ဟာ နိုဝင်ဘာလ ၂၂ ရက် မနေ့ညနေပိုင်းက အဖမ်းခံလိုက်ရတယ်လို့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားပါတယ်။
မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်က မသဲစုနိုင်တို့ရဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး အသက် ၅၀ ခန့်အရွယ် ဖခင်ဖြစ်သူ ဦးမြင့်သိန်းကိုပါ တစ်ပါတည်း ဖမ်းဆီးသွားတယ်လို့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။
"ပထမ Honda fit တစ်စီးနဲ့ ရောက်လာတယ်။ အရပ်ဝတ်နဲ့ သေနတ်တွေနဲ့ပါ။ ပြီးတော့ တပ်မ ၉၉ က စစ်ကားရောက်လာတယ်။ အင်အားတော့ သေချာမသိရပါဘူး။ မသဲစုနိုင်ကို ဖမ်းဆီးပြီးမှ စစ်ကားရောက် လာတာ"
အသက် ၂၃ နှစ်အရွယ် မသဲစုနိုင်ဟာ မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်ခဲ့ပေမယ့် လတ်တလော ဘာလှုပ်ရှားမှုမှမရှိဘူးလို့လည်း အဲဒီကျောင်းသားသမဂ္ဂအဖွဲ့ဝင်က ဆိုပါတယ်။
စစ်ကောင်စီက PDF ခေါင်းဆောင်တစ်ယောက်လို့ စွပ်စွဲထားပြီး သူမကိုဖမ်းဆီးစဉ် သေနတ်တွေနဲ့ ပစ်ဖောက်တာတွေရှိခဲ့ကာ ဖုန်းတွေပါ သိမ်းယူသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
မိတ္ထီလာ နည်းပညာတက္ကသိုလ်က စက်မှုအင်ဂျင်နီယာအထူးပြု၊ စတုတ္ထနှစ်ကျောင်းသား ကိုအောင်ခန့် မင်းထိန်ကိုလည်း စစ်ကောင်စီက ဖမ်းထားပြီး ၆ လအကြာ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ထောင် ၃ နှစ် ချမှတ်ခဲ့ပါတယ်။