ပိတ်ထားတဲ့ သတင်းဌာန ရုပ်သံလိုင်းတွေ ဟိုတယ်၊ တည်းခိုခန်းတွေမှာ မပြဖို့တားမြစ်

2021.11.23
ပိတ်ထားတဲ့ သတင်းဌာန ရုပ်သံလိုင်းတွေ ဟိုတယ်၊ တည်းခိုခန်းတွေမှာ မပြဖို့တားမြစ် စစ်ကောင်စီက ပြသခွင့်ပိတ်ပင်ထားတဲ့ မဇ္ဈိမ TV ကို တွေ့ရစဥ်
Photo: CJ

ထုတ်ဝေခွင့်ပိတ်ပင်ခံထားရတဲ့ DVB၊ မဇ္ဇျိမ စတဲ့ သတင်းဌာနတွေရဲ့ ရုပ်သံလိုင်းတွေကို ဟိုတယ်၊ တည်းခိုခန်းတွေမှာ ဝန်ဆောင်မှုအနေနဲ့ မပြသကြဖို့ စစ်ကောင်စီက ညွှန်ကြားလိုက်ပါတယ်။

ဒါပေမယ့် ဟိုတယ်နဲ့ တည်းခိုခန်းတချို့မှာ ဝန်ဆောင်မှုအနေနဲ့ အဲဒီ သတင်းမီဒီယာတွေရဲ့ ထုတ်လွှင့်မှုတွေကို ပြသနေတာ စစ်ဆေးတွေ့ရှိ ရတဲ့အတွက် တည်ဆဲဥပဒေတွေအရ အရေးယူမယ်ဆိုပြီး ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

DVB၊ မဇ္ဈိမ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နဲ့ 7 Day စတဲ့ သတင်းဌာနတွေကို ရေးသားထုတ်လွှင့်ခြင်းမပြုဖို့ လွန်ခဲ့တဲ့ မတ်လ ၈ ရက်နေ့ကတည်းက စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ပိတ်ပင်ထားပါတယ်။

စစ်ကောင်စီကို တစ်နိုင်ငံလုံးမှာ တော်လှန်နေတဲ့ အကြောင်းတွေ၊ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ NUG, PDF, CRPH စတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်သတင်းတွေကို အဲဒီသတင်းဌာနတွေက အဓိက ထုတ်လွှင့်ပြသနေတာပါ။

ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်လိုင်စင်နဲ့ ထုတ်လွှင့်ခွင့် ပြုထားတာ မရှိတဲ့အတွက် အဲဒီ ရုပ်မြင်သံကြားစက်တွေကို လက်ဝယ်ထားရှိခွင့် မပြုဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီသတင်းဌာနတွေထဲမှာ 7 Day သတင်းဌာနတစ်ခုသာ လုပ်ငန်းတွေ ရပ်ဆိုင်းထားပြီး ကျန်သတင်းဌာနတွေကတော့ ဆက်ပြီး ရေးသား ထုတ်လွှင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။