တရုတ် မြန်မာ ချစ်ကြည်ရေး ရုပ်သံဇာတ်လမ်းတွဲ ပြသမည်
2013.11.04
တရုတ် မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတစ်ခုကို နှစ်နိုင်ငံပူးတွဲ ရိုက်ကူးနေပြီး၊ လာမယ့် ၂၀၁၄ ခုနှစ်မှာ ပြသမယ်လို့ နယူယောက်တိုင်း သတင်းစာက ဖေါ်ပြပါတယ်။
ပျူနိုင်ငံတော်က ကခြေသည်ဆိုတဲ့ အပိုင်း ၄၀ ပါ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲကို ယူနန်ရုပ်မြင်သံကြားဌာနနဲ့ ရွှေသံလွင်မီဒီယာတို့ ပူးတွဲထုတ်လုပ်ကြတာပါ။ လွန်ခဲ့တဲ့ ၉ ရာစုနှစ်က မြန်မာမင်းသားတစ်ပါး သူ့ရဲ့ကျော်ကြားတဲ့ အကအဖွဲ့နဲ့အတူ တန်မင်းဆက်ခေတ် တရုတ်ပြည်ကို ခရီးထွက်တဲ့အကြောင်း ဇာတ်လမ်းဖွဲ့ ရိုက်ကူးထားတယ်လို့ သိရပါတယ်။
ဇာတ်ဝင်ခန်းတွေကို ယူနန်ပြည်နယ်နဲ့ ပုဂံမှာရိုက်ကူးခဲ့ပြီး၊ တရုတ်၊ မြန်မာ၊ အင်္ဂလိပ် ဘာသာစကားသုံးမျိုးနဲ့ တင်ဆက်မယ်လို့ဆိုပါတယ်။ ဒါရိုက်တာက ယုရွန်ဂေါင်း ( Yu Rongguang ) ဖြစ်ပြီး ၊ မြန်မာမင်းသားအဖြစ် တက်သစ်စ တရုတ်ရုပ်ရှင်သရုပ်ဆောင် လင်းဂျင်ရှင်း ( Lin Gengxin ) ၊ အမျိုးသမီးဇာတ်ဆောင်က တောင်ကိုရီးယား ရုပ်ရှင်သရုပ်ဆောင် ချုးကျာဟွမ် ( Choo Ja-hyun ) တို့ ပါဝင်ကြတယ်လို့ ဆိုပါတယ်။
ဒီရုပ်မြင်သံကြား ဇာတ်လမ်းတွဲဟာ တရုတ်နဲ့ မြန်မာကြား ပြဿနာတွေ ပြေလည်ပြီး၊ ချစ်ကြည်မှု တိုးတက်လာစေဖို့ဖြစ်တယ်လို့ ယူနန်ပြည်နယ်၊ ကူမင်းမြို့ အရာရှိတွေက ပြောပါတယ်။