မြင်းခြံမှာ အောက်ဆီဂျင်ဖြည့်ပေးတဲ့ ဝပ်ရှော့ပိုင်ရှင် အပါအဝင် လူငါးယောက် ဖမ်းဆီးခံရ
မန္တလေးတိုင်း မြင်းခြံမြို့စက်မှုဇုန်မှာ အောက်ဆီဂျင်ဖြည့်ပေးနေတဲ့ ဝပ်ရှော့ပိုင်ရှင် အပါအဝင် လူ ငါးယောက် ကို စစ်ကောင်စီက ဒီနေ့ ဇူလိုင် ၂၁ ရက် ညနေ ၅ နာရီမှာ အရပ်ဝတ်တွေနဲ့ ဖမ်းဆီးသွားတယ်လို့ မြင်းခြံမြို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“အဲဒီ ဝပ်ရှော့ပိုင်ရှင်က ဘယ်ဘက်ကမှ မပါပါဘူး။ သူတက်နိုင်တဲ့ဘက်က ကူညီပေးတဲ့ သဘောမျိုးပါ။ ကိုဗစ်တိုက်ထုတ်ရမှာ စစ်ကောင်စီနဲ့ မပူးပေါင်းလို့ ဖမ်းတယ်ဆိုတာ သေချာပါတယ်”
မြင်းခြံမြို့ စက်မှုဇုန်၊ စံပယ်လမ်းက အာကာစိုး ဝပ်ရှော့ပိုင်ရှင် ဦးစိုးအောင်နဲ့ အသက် ၂၆ နှစ်အရွယ် သား ဖြစ်သူအပြင် ဝပ်ရှော့က နှစ်ယောက်နဲ့ အောက်ဆီဂျင်လာဖြည့်သူ တစ်ယောက်တို့ကို စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ အိမ်စီးကား ၅ စီးနဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ငါးယောက်စလုံးကို စစ်ကောင်စီက ဘယ်ကိုဖမ်းဆီး ခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရှိ သေးပါဘူး။
စစ်ကောင်စီက မဖမ်းဆီးခင် ၃ ရက်အလိုက အာကာစိုး ဝပ်ရှော့အနေနဲ့ မြင်းခြံမြို့မှာ အောက်ဆီဂျင် လိုအပ် နေသူတွေကို အောက်ဆီဂျင်လာဖြည့်နိုင်တယ်ဆိုပြီး ဆက်သွယ်ဖို့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ကြေညာထားခဲ့ ပါတယ်။
မနေ့ ဇူလိုင် ၂၀ ရက်နေ့က မြင်းခြံနယ် ငါန်းစွန်းမြို့မှာလည်း NLD တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ကို ရှာမတွေ့တာကြောင့် သူရဲ့မိသားစုဝင် သုံးယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။