ဂျပန်သံရုံးဝန်ထမ်းတွေရဲ့အိမ်တွေ စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေခဲ့တာကို ဂျပန်အစိုးရကန့်ကွက်

ရန်ကုန်မြို့အခြေစိုက် ဂျပန်သံရုံးဝန်ထမ်းနဲ့ JICA အဖွဲ့က အရာရှိရဲ့အိမ်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလမှာ ဝင်ရောက်ရှာဖွေခဲ့တာကို ဂျပန်အစိုးရက ကန့်ကွက်လိုက်ပြီး၊ နောက်နောင် ဒါမျိုးမဖြစ်အောင် ကာကွယ်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ ဂျပန်အစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဒီနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
အဲဒီကာလက ဝန်ထမ်းတွေ ထိခိုက်တာ မရှိခဲ့ပေမယ့်၊ ဒီလုပ်ရပ်ဟာ နိုင်ငံတကာမှာ သဘောတူ လက်ခံထား တဲ့ သံတမန်ဆိုင်ရာ ဗီယင်နာ ကွန်ဗန်းရှင်း စာချုပ်ကို ချိုးဖောက်တာဖြစ်သလို၊ ဂျပန်နိုင်ငံသားတွေရဲ့ လုံခြုံရေးကိုလည်း အန္တရာယ်ဖြစ်စေတယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ကာဆူနိုဘူ ကာတိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီနေ့က သံရုံးဝန်ထမ်းတွေနေတဲ့ ကွန်ဒိုတိုက်ခန်းကို စစ်တပ်က ဝင်ရှာမယ်ဆိုတဲ့အခါ တိုက်လုံခြုံရေး ဝန်ထမ်းတွေက သူတို့မှာရှိတဲ့ စီစီတီဗီ မှတ်တမ်းကို ပေးပါ့မယ်လို့ ပြောပေမယ့် စစ်တပ်က လက်မခံဘဲ အကြမ်းဖက် တွန်းထိုးဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် သံတမန်ရဲ့ အိမ်သော့ကို စစ်တပ်က ဖျက်ဝင်ပြီး၊ အိမ်သားတွေကို သေနတ်တွေနဲ့ ချိန်ထားတယ်လို့ ပြောပါတယ်။ သူတို့အလိုရှိနေတဲ့ မြန်မာနိုင်ငံ သားတွေကို ဝင်ရှာတာလို့ပြောတယ်လို့ ဆိုပါတယ်။
အဲဒီ ဧပြီလ ၁၇ ရက် မတိုင်ခင်တစ်ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတဲ့အကြောင်း ကြေညာတဲ့ သတင်း ဖြစ်ခဲ့ပါတယ်။ ဂျပန်အရာရှိတွေရဲ့ အိမ်ကို ဝင်ရှာပြီး နောက်နေ့မှာလည်း ဂျပန်သတင်းထောက် Yuki Kitazumi ကို စစ်ကောင်စီက ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။
ဧပြီလ ၁၇ ရက်နေ့က အဲဒီလို ဂျပန်နိုင်ငံသားတွေရဲ့အိမ်ကို ဝင်ရောက်ရှာဖွေခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်က ပြန်တောင်းပန်တယ်လို့လည်း ဂျပန်အစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
မေလ ၂၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ပေးနေတဲ့ ဂျပန်အစိုးရရဲ့အကူအညီတွေ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ် လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် စီမံကိန်း အသစ်တွေအတွက် အကူအညီမပေးတော့ဘူးလို့ ကြေညာခဲ့သလို၊ စစ်တပ် အာဏာမသိမ်းခင်က ရှိထားတဲ့ ပေးလက်စ အကူအညီတွေကိုတော့ ဖြတ်တောက်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။