ကန့်ဘလူ မလယ်ရွာမှာ တိုက်ပွဲပြင်းထန်နေပြီး သုံးထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2024.05.07
ကန့်ဘလူ မလယ်ရွာမှာ တိုက်ပွဲပြင်းထန်နေပြီး သုံးထောင်ကျော် ထွက်ပြေးနေရ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်၊ မလယ်ရွာမှာ မေလ ၇ ရက်နေ့ ဒီနေ့မနက် အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ အဲဒီရွာခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။

ဒီနေ့မနက် သုံးနာရီကျော်ကတည်းက မလယ်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့လာပစ်တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော်တစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်တာက ဒီနေ့မနက် သုံးနာရီကျော်က စတိုက်တာ။ အခုလည်း တိုက်နေတုန်းပဲ တိုက်ပွဲအခြေအနေက အသေးစိတ် မသိသေးဘူး။ ပြည်သူ သုံးထောင်ကျော်ကတော့ ထွက်ပြေးနေရတယ်။ တချို့ပြည်သူတွေကလည်း မထွက်နိုင်တာ ရှိနေသေးတယ်”

စစ်ကောင်စီတပ်က ဧရာဝတီမြစ်အရှေ့ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူနေသလို ဒီနေ့ နေ့လယ်ပိုင်းအထိ လေကြောင်းနဲ့ ခြောက်ကြိမ် လာပစ်တာကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်သွားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့သူ သုံးသန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂရုံးက မေလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။