လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံမြန်မာလူငယ်နှစ်ဦးကို မိဘတွေ သွားရောက်တွေ့ဆုံ


2014.10.24
koh-tao-family-thai-305.jpg ကိုဝင်းဇော်ထွန်းရဲ့ မိဘတွေဖြစ်တဲ့ ဦးထွန်းထွန်းထိုက်နဲ့ ဇနီးတို့ ရှင်းလင်းနေစဉ်
Photo: Supapong Chaolan

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ဟာ ဒီကနေ့ မိဘတွေနဲ့ တွေ့ဆုံရာမှာ သူတို့အနေနဲ့ သတ်ဖြတ်မှု မကျူးလွန်ခဲ့ကြောင်း ထပ်မံပြောဆို လိုက်ပါတယ်။

ဒီနေ့ ကော့စမွီးအကျဉ်းထောင်မှာ သားဖြစ်သူ ကိုဝင်းဇော်ထွန်းနဲ့ တွေ့ခွင့်ရခဲ့တဲ့ ဖခင် ဦးထွန်းထွန်းထိုက်က RFA ကို အခုလို ပြောပါတယ်။

"ကျနော့်သားတွေဟာ သူတို့တွေ ညှင်းပန်းနှိပ်စက်လို့ မဟုတ်ဘဲနဲ့ ဟုတ်တယ်လို့ ဝန်ခံခိုင်းထားတယ်၊ ဒါပေမဲ့ ဒီနေ့မှာတော့ မဟုတ်ပါဘူး အဖေဆိုပြီးတော့ ပြော ကြားချက်ကို ပြန်လှန်ပြီးချေပတယ်ပေါ့၊ ကော့စမွီး အကျဉ်းထောင်ထဲမှာနေရတာ အစား လည်းကောင်းကောင်းစားရတယ်၊ နေရတာလည်းကောင်းကောင်းနေရပါတယ်၊ ကျန်းကျန်းမာမာနဲ့ပဲ တွေ့ရ ပါတယ်ခင်ဗျာ"

ထိုင်းရဲတပ်ဖွဲ့က စကားပြန်နဲ့ သူတို့ကို စစ်ဆေးခဲ့စဉ်က ရိုက်နှက်ညှင်းပန်းပြီး အဓမ္မထွက်ဆိုစေခဲ့တာလို့ သားဖြစ်သူကပြောကြောင်း ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်က ပြန်ပြောပြပါတယ်။

သူတို့သားတွေနဲ့ တွေ့ဆုံဖို့ ထိုင်းနိုင်ငံခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့ခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးကလည်း ဒီအမှုကို အမှန်ကန်ဆုံးဖြစ်အောင် လုပ်ဆောင်ပေးမှာဖြစ်ကြောင်း စွပ်စွဲခံထားရ တဲ့ မြန်မာနှစ်ဦးရဲ့ မိဘတွေကို အားပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသား နှစ်ဦးအမှုကို ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင် ရှေ့နေ ၁၆ ယောက်က အခကြေးငွေမယူပဲ ကူညီဖို့ မြန်မာသံအမတ်ကြီးထံက ခွင့်တောင်းရာမှာ ခွင့်ပြုချက်ရခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံသား နှစ်ဦးရဲ့ မိဘတွေ ထိုင်းနိုင်ငံကို သွားရောက်ဖို့အတွက် ကုန်ကျစားရိတ်ကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ အမျိုးသားလွှတ်တော်အမတ်တွေဖြစ်ကြတဲ့ ဇေကမ္ဘာဦးခင်ရွှေနဲ့ ပတ္တမြားနဂါး ကုမ္ပဏီ အကြီးအကဲ ဦးနေဝင်းထွန်းတို့က ကျပ်သိန်းတစ်ရာစီနဲ့ စုစုပေါင်းငွေကျပ် သိန်း ၃၀၀ ထောက်ပံ့ကူညီမယ်လို့ လွှတ်တော်မှာ မှတ်တမ်းတင်ခဲ့ပါတယ်။

ကိုဝင်းဇော်ထွန်းရဲ့ ဖခင် ဦးထွန်းထွန်းထိုက်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။