စစ်ကောင်စီနဲ့ ဆက်နွယ်တာတွေကို Facebook ကနေ ဖြုတ်ချပြီး အရေးယူ
Mytel Myanmar အပါအဝင် စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ စာမျက်နှာတွေ၊ ဂရုတွေနဲ့ အကောင့်တွေကို Facebook ပေါ်ကနေ ဖြုတ်ချပြီး အရေးယူမှု တိုးမြှင့်လိုက်တယ်လို့ ဒီဇင်ဘာ ၈ ရက် ဒီနေ့မှာ Meta ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။
ဒီလို ကြေညာပြီးနောက်မှာပဲ စစ်တပ်က ရှယ်ယာထည့်ဝင်ထားတဲ့ Mytel Myanmar ရဲ့ တရားဝင် စာမျက်နှာ ဟာလည်း Facebook ပေါ်ကနေ ဖယ်ရှားခံခဲ့ရတာကို တွေ့ရပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထောက်အပံ့ ပေးရာရောက်မယ့် စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကျယ်ပြန့်တဲ့ အချက်အလက်တွေပေါ် မူတည်ပြီး အရေးယူလိုက်တာလို့ Meta က ဆိုထားပါတယ်။
"ကျွန်တော်တို့ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ လူ့အသိုက်အဝန်း ဘေးကင်းစေဖို့ လိုအပ်တဲ့ အရေးယူမှုတွေကို ဆက်လုပ်သွားမှာပါ" လို့ Meta က ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
ဒီလိုမျိုး မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်း၊ အကောင့်တွေကို အရေးယူပေးဖို့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ Facebook အသုံးပြုသူတွေက တောင်းဆိုခဲ့ကြတာဖြစ်ပြီး Burma Campaign UK က လည်း လက်မှတ်ပေါင်း ငါးသောင်းကျော်ကို စုစည်းပြီး တောင်းဆိုခဲ့တယ်လို့ Justice For Myanmar ကလည်း ထုတ်ပြန်ထားပါတယ်။