မြန်မာသံရုံးနဲ့ အလုပ်သမားအဖွဲ့တို့ ကူညီလို့ မြန်မာအလုပ်သမား လျော်ကြေးရ


2013.04.12

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရပ်ချဒါရပ်ကွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်း ၆ ထပ်အမြင့်က ပြုတ်ကျလို့ ခါးရိုးကျိုးသွားတဲ့ မြန်မာအလုပ်သမားတစ်ဦး လျော်ကြေးငွေရရှိအောင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ အလုပ်သမားရေး ကူညီနေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ TACDB တို့က ဝိုင်းဝန်းကူညီခဲ့တဲ့အတွက် လျော်ကြေးငွေရရှိခဲ့ပါတယ်။

နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU နဲ့ ယွန်းနဒီဦး ကုမ္ပဏီကနေ ပို့ဆောင်ခဲ့တဲ့ အသက်၂၄ နှစ်အရွယ် ပန်းရံအလုပ်သမား ကိုဌေးလွင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၆ ရက်နေ့က လုပ်ငန်းခွင်မှာ ဂဟေဆော်နေစဉ် ဓါတ်လိုက်ခံရတဲ့အတွက် ၆ ထပ်ကနေ ၄ ထပ်အမြင့်ကို ပြုတ်ကျပြီး ခါးရိုးကျိုးသွားခဲ့ပါတယ်။

ကိုဌေးလွင်ဟာ ထိုင်းဘာသာနဲ့ ပကန်စံခွန် လို့ခေါ်တဲ့ အသက်အာမခံကို လုပ်ထားခဲ့လို့ ဒီကနေ့မှာ အာမခံကုမ္ပဏီက လျော်ကြေးငွေ ဘတ် ၂ သိန်း ပေးအပ်ခဲ့တာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေအနေနဲ့ နစ်နာမှုတွေရှိခဲ့ရင် ဥပဒေအရ တောင်းဆိုနိုင်တာတွေရှိတဲ့အကြောင်း မြန်မာသံရုံးက အလုပ်သမားရေးအရာရှိ ဦးကျော်ကျော်လွင်က ပြောပါတယ်။

အဲအလုပ်သမားအတွက် ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အာမခံကုမ္ပဏီကနေ လျော်ကြေးရရှိစေဖို့ TACDB လို့ခေါ်တဲ့ ထိုင်းမြန်မာချစ်ကြည်ရေးဖောင်ဒေးရှင်းက လိုအပ်တဲ့အထောက် အထားတွေကို  လေ့လာပြီးအကူအညီပေးခဲ့တာ ဖြစ်ပါတယ်။

ကိုဌေးလွင်ဟာ ဒဏ်ရာရပြီးနောက် လျော်ကြေးငွေရဖို့ စောင့်ဆိုင်းနေခဲ့ရာမှာ အလုပ်ရှင်ဖက်က ၅ လနီးပါးကြာအောင် အချိန်ဆွဲနေခဲ့တာကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားရေးရာအရာရှိတွေနဲ့ TACDB အဖွဲ့တို့က ဝိုင်းဝန်းကူညီခဲ့ကြတာဖြစ်ပါတယ်။

ထိခိုက်ဒါဏ်ရာရခဲ့တဲ့ မြန်မာအလုပ်သမား ကိုဌေးလွင် မြန်မာနိုင်ငံပြန်နိုင်ရေးအတွက် သံရုံးကပဲ အကူအညီပေးမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။