ကမ္ဘာ့ရပ်မိရပ်ဖများ အဖွဲ့ ခေါင်းဆောင် ၂ ဦး မြန်မာနိုင်ငံလာမည်
2014.03.21

ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးတို့ အတွက် ဆောင်ရွက်နေတဲ့ သီးခြားလွတ်လပ်တဲ့ ကမ္ဘာ့ရပ်မိရပ်ဖများ The Elders အဖွဲ့ ခေါင်းဆောင်နှစ်ဦး ဟာ မြန်မာနိုင်ငံကို မတ်လ ၂၄ ရက်က ၂၈ ရက်ထိ လာရောက်မယ်လို့ အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အခုခရီးစဉ်မှာ အဖွဲ့က နော်ဝေးနိုင်ငံက ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် တာဝန်ယူခဲ့ပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဂရိုဟာလမ် ဘရန့်တ်လန်း Gro Harlem Brundtland နဲ့ ဖင်လန်သမ္မတဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာတီ အာတီဆာရီ Martti Ahtisaari ပါဝင်တယ်လို့ သိရပါတယ်။
ဒီခေါင်းဆောင် ၂ ဦးဟာ နေပြည်တော်မှာ မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ လွှတ်တော်ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်က လက်ရှိပဋိပက္ခတွေကို သိရအောင် ဒေသခံတွေနဲ့လည်း တွေ့ဆုံပါမယ်လို့သိရပါတယ်။
ဒီခေါင်းဆောင်နှစ်ဦးဟာ မတ်လ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ထိုင်းနိုင်ငံကို သွားရောက်တဲ့အခါ ထိုင်းမြန်မာနယ်စပ် တလျှောက်က ဒေသတွေကို သွားရောက်ပြီး နှစ်ပေါင်း ၆၀ ကြာ ပြည်တွင်းစစ်ကြောင့် မြန်မာ တိုင်းရင်းသားတွေပေါ် ရေရှည်သက်ရောက်မှုတွေကို လေ့လာဖို့မယ်လို့လည်းဆိုပါတယ်။
ဒီအဖွဲ့က ခေါင်းဆောင်တဦးဖြစ်သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံကို မနှစ်က စက်တင်ဘာက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်လာခဲ့အပြီး ခုတခေါက်ဟာ မြန်မာနိုင်ငံအတွက် ဆက်လက်ဆောင်ရွက်တဲ့ ဒုတိယခရီးစဉ်ပဲဖြစ်ပါတယ်။
ဒီခရီးမှာ ပထမခရီးစဉ်တုန်းက မတွေ့လိုက်ရသူတွေကို တွေ့ဆုံမယ်လို့လည်း သိရပါတယ်။
ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ကို ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေ၊ ငြိမ်းချမ်ရေးနိုဘဲဆုရှင်တွေနဲ့ ဖွဲ့စည်းထူထောင်ထားတာ ဖြစ်ပါတယ်။