အစိုးရဝန်ထမ်းတွေ အာဏာရှင် ဖီဆန်ရေးလှုပ်ရှားမှု အရှိန်မြှင့်

တင်အောင်ခိုင်(ဝါရှင်တန်ဒီစီ)
2021.02.05

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးတဲ့နောက်မှာ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေ အပါအဝင် နယ်ပယ်အသီးသီးက ဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း Civil Disobedience (အာဏာရှင် ဖီဆန်ရေး) ဆိုပြီး မတရားမှုကို ဆန့်ကျင်တာတွေ အရှိန်အဟုန် မြှင့်လာနေပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ကြောင်းနဲ့ ပြည်သူ့ဆန္ဒကို အလေးထားဖို့ ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်က ဆရာ၊ ဆရာမ ၃၀၀ ကျော်နဲ့ ကျောင်းသူကျောင်းသား ၂၀၀ ကျော် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ရှေ့မှာ ဖေဖော်ဝါရီလ ၅ ရက် ဒီနေ့ နေ့လယ်က ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒီဆန္ဒပြပွဲမှာ ဒဂုံတက္ကသိုလ်ဌာနပေါင်းစုံက ဆရာဆရာမတွေအပြင် ဒု-ပါမောက္ခချုပ်တစ်ဦးလည်း ပါဝင် ပူးပေါင်းခဲ့သလို စစ်တပ်က အာဏာသိမ်းတာနဲ့ ဖမ်းဆီးထားတာတွေကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း နိုင်ငံတကာဆက်ဆံရေးပညာဌာနက ဒေါက်တာညီညီလွင် ကပြောပါတယ်။

“စစ်အာဏာရှင်က မတော်မတရားအာဏ ရယူတာကို ဆန့်ကျင်ရှုတ်ချတဲ့ပွဲပါပဲ၊ ဒီပွဲမှာ ကျွန်တော်တို့ ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမတွေအနေနဲ့ ဒီအာဏာဖီဆန်ရေး လှုပ်ရှားမှုကို ကျွန်တော်တို့ တက်ကြွစွာ၊ လိုလားစွာ ဘယ်သူ၊ ဘယ်သူ့ကိုမှ နှိုးဆော်စရာမလိုဘဲနဲ့ ကိုယ့်အသိစိတ်နဲ့ ကိုယ်ဘဲ ဒီပွဲကို ဆင်နွှဲတဲ့ သဘောပါ၊ ပြည်သူကနေ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို လက်ရှိဖမ်းဆီးထားတာကနေ လွှတ်ပေး ပါ၊ လုံးဝကို မလုပ်သင့်တဲ့လုပ်ရပ်ပါ၊ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်”

ဒီဆန္ဒပြပွဲမှာပါဝင်တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေကလည်း ဘွဲနှင်းသဘင်ရှေ့ကနေ ကျောင်းသားသမဂ္ဂ အဆောက်အအုံရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်ကလည်း အာဏာသိမ်းတာဟာ ဒါဟာနောက်ဆုံး ဖြစ်ရပြီး နောက်မျိုးဆက်တွေမှာ အာဏာသိမ်းတာမရှိအောင် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

“လူထုလှုပ်ရှားမှုတွေဟာ မကြာခင်ရက်ပိုင်းအတွင်း နိုင်ငံတဝှမ်းမှာရှိတဲ့ လမ်းမတွေအသီးသီးမှာ ပေါ် ပေါက်လာတော့မှာပါ၊ ဒီလိုအရေးတော်ပုံတွေ ကျောင်းသားတွေက ဦးစီးဦးဆောင်လုပ်ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ကျောင်းသားတွေ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးနဲ့ ဒီစစ်အာဏာရှင်ကို ဖြုတ်ချ ရမှာပါ၊ စစ်အာဏာရှင်တွေကို နောက်မျိုးဆက်တွေအထိ ဆက်မပါလာဖို့ ကျွန်တော်တို့လုပ်ရပါမယ်”

စစ်အာဏာရှင်ဖြုတ်ချရေးနဲ့ တပ်မတော်မပါတဲ့ အခြေခံဥပဒေဖြစ်မြောက်ရေးအတွက် ဆန္ဒပြပွဲတွေကို ကျောင်းသားတွေက ဦးဆောင်ပြီး အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အလုပ်မှုဆောင် ကိုသုတကျော် က ပြောပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ပညာရေးတက္ကသိုလ် ဆရာ/ဆရာမတွေက ဖဲကြိုးနီ လှုပ်ရှားမှု Red Ribbon Campaign အဖြစ် ဒီနေ့ မနက်ပိုင်းမှာ ရန်ကုန်ပညာရေးတက္ကသိုလ်အတွင်းမှာလည်း ပြုလုပ်ခဲ့ပါတယ်။

"စစ်အာဏာရှင်စနစ်အောက်မှာ အလုပ်မလုပ်ချင်လို့ အလုပ်ထွက်ခိုင်းရင်လည်း ထွက်ဖို့အဆင်သင့်ရှိတယ်” လို့ လှုပ်ရှားမှုမှာပါဝင်တဲ့ ဒေါက်တာခင်မာသက် က RFA ကိုပြောပါတယ်။

"ကျွန်မတို့အဆုံးစွန် အလုပ်ပြုတ်လဲ ပြုတ်ပါစေ။ စစ်အစိုးရလက်ထက်မှာ အလုပ်ပြုတ်သွားလို့ ဘာမှ မဖြစ်ပါဘူး။ ကျွန်မတို့မှာ နဂိုမူလ ပရော်ဖက်ရှင်နယ် ကိုယ်တတ်ကျွမ်းထားတဲ့ပညာရှိပါတယ်။ ဒါကြောင့် အဆုံးစွန်ဆုံး ဖြတ်ထားပြီးသားပါ။"

အလားတူ ဒီနေ့မနက်ပိုင်းမှာ တက္ကသိုလ်ရိပ်သာလမ်းမပေါ်မှာရှိတဲ့ ရန်ကုန်တက္ကသိုလ်ဆေးရုံက ဆရာဝန်၊ ဆရာမ စတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း ဖဲကြိုးနီလှုပ်ရှားမှု Red Ribbon Campaign ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်းထားတဲ့ တပ်မတော်အစိုးရကို အလိုမရှိကြောင်း၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုနဲ့ ကျောင်းသားသမဂ္ဂအချို့  ပူးပေါင်းပြီး ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေးနဲ့ ဖမ်းဆီးခံနိုင်ငံရေးခေါင်းဆောင်းတွေကို ချက်ချင်းပြန် လွှတ်ပေးရေး စတဲ့ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ပြီး စစ်အစိုးရဆန့်ကျင်ရေးနဲ့ အာဏာရှင်ဖီဆန်မှု လှုပ်ရှားဆောင်ရွက်မှုတွေ ဆက်လုပ်ဆောင်ဖို့ စာရွက်ဝေခြင်း၊ လူထုလှုပ်ရှားမှုတွေပါ ပြည်သူများပါဝင်ပေးဖို့ လှုံ့ဆော်ခဲ့ပါတယ်။

စစ်အာဏာသိမ်းတဲ့လုပ်ရပ်ကို ကန့်ကွက်တဲ့ အာဏာဖီဆန်ရေး ဖဲကြိုးနီလှုပ်ရှားမူတွေမှာ နေပြည်တော်က အစိုးရဝန်ကြီးဌာန ဝန်ထမ်းအတော်များများ ဒီနေ့ ပါဝင်လာပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းအချိန်အထိ နေပြည်တော်က ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံက ဝန်ထမ်း ဆရာ၊ ဆရာမတွေ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းတွေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန က ဝန်ထမ်းတွေက အာဏာ ရှင်အစိုးရ အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူမယ့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နေပြည်တော်ရှိ ဝန်ထမ်းတွေဟာ စစ်အုပ်ချုပ်ရေး ကို ဆန့်ကျင်တဲ့ ဖဲကြိုးနီလှုပ်ရှားမှုမှာ ဒီနေ့ပါဝင်လာပါတယ်။

နေပြည်တော်မှာရှိတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ဝန်ထမ်းတွေလည်း စစ်အာဏာရှင် စနစ်ဆန့်ကျင် တဲ့လှုပ်ရှားမူမှာ ပါဝင်ခဲ့ပါတယ်။

ပြည်သူတွေနဲ့အတူ အစိုးရဝန်ထမ်းတွေလည်း အတူရှိတယ်ဆိုတာ ပြသလိုက်တာဖြစ်ပြီး အမှန်တရား ပေါ်ပေါက်အောင် ဆန္ဒထုတ်ဖော်တာလို့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက ပြောပါတယ်။

အစိုးရဝန်ထမ်းတွေဖြစ်လို့ အခုလို အာဏာသိမ်းမှု ဆန့်ကျင်တဲ့လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် စိုးရိမ်စိတ်တွေ ရှိတယ်လို့ ဦးသက်လွင်ဦးက ပြောပါတယ်။

နေပြည်တော်က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းအင်အား ၂၀၀ ကျော်လည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဖဲကြိုးနီလှုပ်ရှားမှုနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်အာဏာသိမ်းတဲ့ အခြေအနေကို မလိုချင်ဘဲ ပြည်သူ့ဆန္ဒနဲ့အညီ ရွေးချယ်ခဲ့တဲ့ အစိုးရခေတ်ပြန်ရောက်ဖို့ ရည်ရွယ်ချက်နဲ့ ဒီနေ့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တာလို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဦးစီးအရာရှိတစ်ဦး ဖြစ်သူ ဦးအောင်သန့်က ပြောပါတယ်။

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန နေပြည်တော်ရုံးက ဖဲကြိုးနီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ဝန်ထမ်းတွေကို အမည်စာရင်းကောက်နေပြီး အလုပ်ထုတ်ဖို့ ပြင်ဆင်နေတယ်လို့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အမည်မဖော်လိုသူ အငယ်တန်းစာရေးတစ်ဦးက ပြောပါတယ်။

အစိုးရရုံးစိုက်ရာ နေပြည်တော်အပြင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ချင်း၊ ရခိုင် စတဲ့ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေက ဆေးရုံတချို့မှာလည်း ဖဲကြိုးနီတပ်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို လုပ်နေကြပါတယ်။ စစ်အစိုးရ ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေ၊ နယ်ပယ်စုံက ဝန်ထမ်းတွေက ဆန္ဒပြ နေကြတာပါ။

စစ်အာဏာရှင်ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ကို သဘောမတူကြောင်းနဲ့ အာဏာရှင်စနစ် ကျဆုံးရေးလှုပ်ရှားမှုကို မကွေးတက္ကသိုလ်က ပညာရေးဝန်ထမ်းအင်အား ၁၀၀ ကျော်၊ ကရင်ပြည်နယ်၊ ဘားအံမြို့ ပညာရေးကောလိပ် ကျောင်းက ဝန်ထမ်းအင်အား ၁၅၀ ကျော်ခန့်နဲ့ မြစ်ကြီးနားတက္ကသိုလ်က ဆရာ၊ ဆရာမ ၂၀၀ ခန့်က စစ်အာ ဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်အားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ ၂၀၂၀ ရွေးကောက်ပွဲ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ပေးဖို့ ကို တောင်းဆိုခဲ့ကြပါတယ်။

စစ်အာဏာရှင်အစိုးရကို ရှုတ်ချတဲ့အနေနဲ့ လွိုင်ကော်နည်းပညာတက္ကသိုလ် ဆရာများသမဂ္ဂအဖွဲ့ ကျောင်းသား သမဂ္ဂ ကျောင်းသားဟောင်းတွေ စုစုပေါင်း အယောက် ၅၀ ဝန်းကျင်ခန့်က ပူးပေါင်းပြီး ဖဲကြိုးနီဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

စက်မှုအင်ဂျင်နီယာဌာနမှ အမည်မဖော်လိုသူ ဆရာမတစ်ဦးက စစ်အစိုးရကို ရှိတဲ့အားတဲ့ ငြိမ်းချမ်းစွာ ပြန်တွန်းလှန်တာလို့ဆိုပါတယ်။

"စစ်အာဏာရှင်အစိုးရကို မကျေနပ်တဲ့အတွက် အခုလို ကျမတို့ရှိနေတဲ့အားလေးနဲ့ ပြန်ပြီးတော့ တွန်းလှန် တဲ့ပုံစံလေးနဲ့ ငြိမ်းချမ်းစွာလုပ်လိုက်တာပါ။ ကျမတို့မှာ ဘောပင်နဲ့ မြေဖြူပဲရှိတာပါရှင့်။ အဲဒါကို မတရား သိမ်းယူထားတဲ့ အာဏာရှင်ကို လုံးဝ မကျေနပ်ပါဘူးရှင့်၊ ဒီအပေါ်မှာလည်း ကျမတို့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြသွားဖို့ရှိပါတယ်။"

စစ်အုပ်ချုပ်ရေးကို မလိုလားကြောင်း ဆန္ဒထုတ်ဖော်တဲ့အထဲမှာ လားရှိုးတက္ကသိုလ်ဌာနပေါင်းစုံက ဆရာ ဆရာမတွေလည်း ပါဝင်ပါတယ်။ စစ်အစိုးရရဲ့ အုပ်ချုပ်မှုကို မကြိုက်လို့ အခုလို ရင်ထဲက ဆန္ဒအတိုင်း ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ဆရာတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေတက္ကသိုလ်မှာလည်း ဒီနေ့နေ့လယ် ၁ နာရီခန့်က တက္ကသိုလ် ဆရာ ဆရာမတွေဟာ အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ ဥပဒေနဲ့မညီဘဲ နိုင်ငံတော်အာဏာကို မတရားသိမ်းယူသွားတဲ့ စစ်အစိုးရရဲ့လုပ်ရပ်ကို သဘောမတူကြောင်း ဆန္ဒထုတ်ဖော် တာဖြစ်ပြီး ဆက်ပြီးတော့လည်း လှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်လို့ စစ်တွေတက္ကသိုလ် မြန်မာစာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ ကျော်မင်းနိုင်က ပြောပါတယ်။

အာဏာရှင်ဟူသမျှ ဆန့်ကျင်ကြ၊ ဥပဒေနှင့် မညီသော အာဏာသိမ်းယူခြင်းကို ကန့်ကွက်သည်၊ အာဏာရှင် စနစ် အလိုမရှိ၊ ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းခြင်းကို ဆန့်ကျင်ကန့်ကွက်သည် စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး မတ်တပ်ရပ် ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ပြီး စစ်အာဏာသိမ်းခဲ့တဲ့ ငါးရက်မြောက်နေ့မှာ ချောက်မြို့နယ် ခုတင် ၅၀ ပြည်သူ့ဆေးရုံက ဝန်ထမ်းတွေ၊ ကလေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်က ဆရာ၊ ဆရာမများနဲ့ ဝန်ထမ်းများ အပါအဝင် နိုင်ငံအနှံ့အပြား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာပါ။ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဒီနေ့ မနက် ၉ နာရီခွဲခန့်က ဒီမိုကရေစီ တက်ကြွားလှုပ်ရှားသူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

ဒီမိုကရေစီဖော်ဆောင်ရေးကို ထားဝယ်မှာ ဒီနေ့ကစတင်ပြီး ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထုက ပူးပေါင်းပါဝင်ဖို့၊ ပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်စနစ်ကို တော်လှန်ကြဖို့နဲ့ ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နေရာအနှံ့အပြားမှာ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရေး၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ် ပြုပေးရေး စတာတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရှိန်အဟုန်မြှင့် တောင်းဆိုဆန္ဒပြနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

THEIN WIN
2021-02-05 02:47

Cheers Thump up
Encourage to continue to strike military coup the whole country
Must United United United