စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အီစတာကြက်ဥလှုပ်ရှားမှု ဆင်နွှဲ
2021.04.04
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒီနေ့ကျရောက်တဲ့ ခရစ်ယာန်တွေရဲ့ အီစတာ ပွဲတော်နေ့ အထိမ်းအမှတ် ကြက်ဥလှုပ်ရှားမှု ဆန္ဒပြပွဲတွေကို နေရာဒေသ တော်တော်များများမှာ ပြုလုပ်ခဲ့ကြပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အပြင်းအထန် နှိမ်နင်းမှုတွေကြား စစ်အာဏာသိမ်းမှု လှုပ်ရှားသူတွေ ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေရာမှာ ဒီကနေ့တော့ အီစတာကြက်ဥနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုတော့ ရန်ကုန်နဲ့ နယ်မြို့တွေမှာပါ လုပ်ခဲ့ကြတာပါ။
ခရစ်ယာန်ဘာသာရဲ့အလိုအရ ယေရှုခရစ်တော် ပြန်လည်ရှင်သန်ထမြောက်လာသလို မြန်မာ့ဒီမိုကရေစီ ဟာလည်း ဥခွံထဲကနေ ရှင်သန်ရုန်းထွက်လာစေဖို့ ရည်ရွယ်ချက်နဲ့ စီစဉ်ခဲ့တာလို့လည်း ရန်ကုန်မြို့ တောင်ဥက္ကလာက လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကိုပိုင် က ပြောပါတယ်။
"ကျွန်တော်တို့ ဒီနေ့မှာဆိုလို့ရှိရင် ကြက်ဥလေးတွေကို အရောင်းလေးတွေ ခြယ်ပြီးတော့ တစ်ခုခုပေါ့ နော်။ ဆုတောင်းတာလေးတွေ လုပ်တဲ့ထူးခြားတဲ့နေ့လေးပါ။ ကြက်ဥကို ဘာလို့သုံးတာလဲဆိုတာကျတော့ ကြက်ပေါက်လေးတွေကို ကြက်ဥထဲကနေ ရုန်းကန်ပြီးတော့ အပြင်ကိုထွက်ပြီးတော့ ရှင်သန်ဖို့အတွက် ကြိုးစားရတဲ့နေ့ပေါ့နော်။ ကျွန်တော်တို့ ဒီနေ့လုပ်တဲ့ Easter Egg Strike မှာ ဒီသပိတ် ဘာလို့ ပါဝင် လာရလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးရဲ့အနာဂတ်က ကြက်ဥထဲကလိုမျိုး ရုန်းကန်ပြီးတော့ ရှင်သန်ထမြောက်ပြီးတော့ ပိုကောင်းတဲ့အနာဂတ်အတွက် ဆုတောင်ပေးဖြစ်တဲ့ သပိတ် အမျိုးအစားလေး ပါခင်ဗျ။ အဲဒီပုံစံလေးနဲ့ လုပ်ဖြစ်တာပါ။"
လှုပ်ရှားမှုအတွင်း ကြက်ဥပြုတ်တွေကို နီးစပ်သူတွေဆီ လိုက်လံဝေတာတွေ ပါဝင်တယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ကြီး၊ သီပေါနဲ့ လားရှိုးမြို့တွေမှာလည်း အာဏာသိမ်းမှုဆန့်ကျင်သူတွေကို ဖမ်းဆီး နှိမ်နင်းမှုတွေ ရှိနေတဲ့အတွက် ဒီနေ့ မနက်ပိုင်းမှာ လူမဲ့သပိတ်၊ ကြက်ဥသပိတ်တွေ လုပ်ခဲ့ကြတယ်လို့လည်း ဆန္ဒပြပွဲမှာ ပါဝင်သူတွေကပြောပါတယ်။
စစ်တပ်နဲ့ ရဲတွေ မြို့တွင်းမှာ ကားတွေနဲ့ လှည့်ပြီးစောင့်ကြပ်နေတဲ့ တရုတ်နယ်စပ် မူဆယ်မြို့မှာလည်း ကြက်ဥသပိတ် လုပ်ခဲ့တဲ့အကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန္ဒပြပွဲ စီစဉ်သူတစ်ဦးက ပြောပါတယ်။
"ကား သုံးစီးလောက်ရှိတယ်။ သူတို့အင်အားပြနေတော့ မပြနိုင်ဘူးဗျ။ ပြောက်ကျားစနစ်နဲ့ပဲ ပြဖြစ်ကြ တာပေါ့။ ကျွန်တော်တို့မှာ ခံတပ်တစ်ခုတော့ ကျန်သေးတယ်။ ခံတပ်ကိုတော့ မဖြုတ်သေးဘူး။ ဒီနေ့တော့ လူမဲ့သပိတ်တွေ လုပ်ဖြစ်ကြတယ်။ ကြက်ဥလေးတွေမှာ နွေဦးတော်လှန်ရေး စာတွေရေးပြီးတော့ လုပ်ဖြစ်ကြတယ်။"
မူဆယ်မြို့က အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေအတွင်း ဖမ်းဆီးခံရသူ ၃ဝ ကျော်ရှိပေမယ့် လူငယ်တွေကတော့ ဆက်ပြီး ဆန္ဒပြနေဆဲပဲလို့လည်း ပြောပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစလို့ နိုင်ငံအနှံ့ ဆန္ဒပြလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက နှိမ်နင်းရာ မှာ သေကြေထိခိုက်မှုတွေလည်း နေ့စဉ် ရှိနေတာပါ။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးရွာမှာတော့ ပြီးခဲ့တဲ့ သောကြာနေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ရွာသား ခြောက်ယောက်ထဲက နှစ်ယောက် သေဆုံးသွားပြီး၊ သေဆုံးသူတွေ ရုပ်အလောင်းကို လာယူကြဖို့ မုံရွာဆေးရုံကြီးက ဒီကနေ့မနက်မှာပဲ ဆက်သွယ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလောင်းလာယူဖို့ ရဲစခန်းက အကြောင်းကြားခဲ့တာလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သပြေအေး ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
"ယင်းမာပင် ရဲစခန်းကနေပြီး ဆက်သွယ်လာတာဗျ။ အလောင်းကိုသွားယူရမယ်ဆိုတော့ ဘယ်လိုယူလို့ ယူရမယ်မှန်းတောင် မသိရသေးဘူး။ သူတို့ယူခိုင်းတာကတော့ ပြည်သူ့ဆေးရုံကြီးကလို့ ပြောတယ်။ ကျွန်တော်တို့ကလည်း မုံရွာက ဆရာတော်တွေနဲ့ သွားယူမှအဆင်ပြေမယ်လို့ တွက်နေတယ်။ ဒီအလောင်း နှစ်လောင်းက ဘယ်သူဘယ်ဝါလို့တော့ မသိသေးဘူး။ နှစ်ယောက် ဆုံးသွားတယ်ဆိုတာကတော့ သေချာနေပြီ။"
ဒေသခံရွာသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ သောကြာနေ့မှာတုန်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ယာဉ်တန်းတွေဟာ သပြေအေးရွာ ဘုန်ကြီးကျောင်းကို ရောက်လာချိန် ဒေသခံတွေနဲ့ ထိပ်တိုက် ပဋိပက္ခဖြစ်ပြီး ပစ်ခတ်မှုတွေ လည်း ဖြစ်ခဲ့တာကြောင့် တစ်ဦးသေဆုံး၊ သုံးဦးထက်မနည်း ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေနဲ့ ပဋိပက္ခဖြစ်ခဲ့ပြီးနောက်ပိုင်း ကျေးရွာမှာရှိတဲ့ အမျိုးသမီး၊ အသက်အရွယ်ကြီးသူတွေနဲ့ ကလေးတွေ လုံခြုံရာမှာ တိမ်းရှောင်နေကြရတယ်လို့လည်း အမည်မဖော်လိုသူ ဒေသခံက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူတွေဘက်က ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ စစ်တပ်နဲ့ရဲဘက်က ဖမ်းဆီးထားတဲ့ ဒေသခံ ကိုးဦးကို မနေ့ညက လူချင်း လဲလှယ်မှုတွေ လုပ်ခဲ့တယ်လို့ ဆန္ဒပြသပိတ် ဦးဆောင်သူတွေကပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန္ဒပြသပိတ်ခေါင်းဆောင်တစ်ဦးက သပိတ်မှာ အဖမ်းခံရသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ညှိနှိုင်းပြီး ဖမ်းဆီးထားသူတွေကို အပြန်အလှန် လဲလှယ်ခဲ့ကြတာလို့ RFA ကို ပြောပါတယ်။
"ဟိုးအရင်ကတည်းက ဖမ်းထားတဲ့ NLD အတွင်းရေးမှူး ကိုကျော်မိုးက အစပေါ့နော်၊ သပိတ်မှာ ဖမ်းခံရတဲ့ ကျောင်းသားပြည်သူတွေအကုန်လုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ပေါ့နော်၊ အဲလိုညှိနိုင်းထားတယ်။ မနေ့ကတော့ ဘယ်လိုလဲဆိုတော့ ကိုးယောက်ကို လွှတ်ပေးတယ် ကျန်တဲ့သူတွေကတော့ ရုံးဖွင့်ရက်ကျမှ ပြန်လွှတ်ပေးမယ်။ ကျွန်တော်တို့ဘက်က ၆ ယောက်ကို လွှတ်ပေးလိုက်ရတယ်။ သူတို့ဘက်က အာမခံချက် ပေးတယ်လို့ပြောတယ်။ ဘယ်လိုအာမခံထားလဲဆိုတော့ မနက်ဖြန်ကျရင် အကုန်လုံး လွှတ်ပေးမယ်ဆိုတဲ့ အာမခံချက်နဲ့ဗျ။"
ဆန္ဒပြသူတွေ ဖမ်းဆီးထားသူတွေကတော့ ယာဉ်ထိန်းရဲ လေးဦးနဲ့ ရဲတပ်သား နှစ်ဦး ဖြစ်ပြီး မတ်လ ၃၁ ရက်နဲ့ ဧပြီလ ၁ ရက်နေ့တွေမှာ ဖမ်းဆီးထိန်းသိမ်းထားတာလို့ ဆန္ဒပြလှုပ်ရှားမှုမှာ ဦးဆောင်သူတွေကပြောပါတယ်။
စစ်တပ်နဲ့ရဲက ပြန်လွှတ်ပေးလိုက်သူတွေကတော့ သပိတ်စခန်းအနီး သွားလာသူတွေနဲ့ ရပ်ကွက်အတွင်း သွားလာနေစဉ်မှာ ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးမြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေအပေါ် စစ်တပ်နဲ့ ရဲက အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းတာကြောင့် ဒီနေ့အထိ သေဆုံးသူ အနည်းဆုံး ၁၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာလည်း ဒီကနေ့ မနက်အစောပိုင်းက အရုဏ်ဦးသပိတ် ကျင်းပခဲ့ကြသလို အင်ဂျင်နီယာ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွား၊ ကွန်ပျူတာ မိသားစုတွေကလည်း ဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။
မန္တလေးမှာ စစ်တပ်နဲ့ ရဲတွေကတော့ ကားတွေနဲ့ သာမကပဲ ဆိုင်ကယ်တွေနဲ့ပါ အုပ်စုလိုက် မြို့အနှံ့ လှည့်ပတ်ခဲ့ပြီး လမ်းသွားလမ်းလာတွေကို တားဆီးပြီး လက်ကိုင်ဖုန်းတွေကို စစ်ဆေးတာတွေ မသင်္ကာသူ တွေကို ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
မနေ့ညပိုင်းမှာတော့ မန္တလေးမြို့ နေရာတော်တော်များ စစ်တပ်နဲ့ရဲက ပစ်ခတ်မှုတွေ ရှိခဲ့ပြီး လူ နှစ်ဦးထက် မနည်း ဒဏ်ရာရခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်နဲ့ ကနီမြို့နယ်အပါအဝင် မြို့နယ်တချို့မှာတော့ ဆန္ဒပြလှုပ်ရှားမှုတွေကို အရင်လို လူအင်အား အလုံးအရင်းနဲ့ မဟုတ်ဘဲ ကျင်းပခဲ့ကြတာပါ။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေက လူသေကြေထိခိုက်တဲ့အထိ နှိမ်နင်းနေတဲ့ကြားမှာပဲ နိုင်ငံအဝန်း ကန့်ကွက်လှုပ်ရှားမှုတွေ ပုံစံမျိုးစုံနဲ့ ဆက်လက်ပေါ်ပေါက်နေတာပါ။
RFA က သီးခြားပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး မနေ့က ဧပြီ ၃ ရက် နေ့ အထိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် သေဆုံးသူ ၅၈ဝ ကျော် ရှိသွားပါပြီ။ ဒီစာရင်းဟာ သေဆုံးသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ အတိအကျ စာရင်းပြုစုနိုင်တဲ့ သူတွေရဲ့ အရေအတွက်ဖြစ်တာကြောင့် လက်တွေ့မှာ ဒီထက်ပိုများနိုင်ပါတယ်။