တရုတ် ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်တားဆီးခဲ့ကြောင်း စစ်ကောင်စီဝန်ခံ
2025.04.02
ငလျင်ကယ်ဆယ်ရေးအတွက် တရုတ်-မြန်မာနယ်စပ်ကတဆင့် ဝင်ရောက်လာတဲ့ တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်နဲ့ ပစ်ခတ်တားဆီးခဲ့ကြောင်း စစ်ကောင်စီက ဧပြီလ ၂ ရက်မှာ ဝန်ခံလိုက်ပါတယ်။
နောင်ချိုမြို့နယ် အုမ္မတီးရွာအနီး ဧပြီလ ၁ ရက် ည ၉ နာရီခွဲဝန်းကျင်မှာ ကြက်ခြေနီယာဉ်တန်းကို မီတာနှစ်ရာလောက်အကွာကတည်းက မီးထိုးပြီးတားဆီးခဲ့ပေမဲ့ တားဆီးလို့မရတဲ့အတွက် မိုးပေါ်ထောင်ပြီး ပစ်ခတ်တာလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၂ ရက်မှာ နိုင်ငံပိုင်မီဒီယာကတစ်ဆင့် ထုတ်ဖော်ပြောဆိုပါတယ်။
“ဒီဖြစ်စဉ်မှာ နောင်ချိုဘက်ကနေ ယာဉ်တန်းပေါ့၊ ကိုးစီးလောက်ပါတယ်။ အုမ္မတီးရွာနားမှာ လုံခြုံရေး အဖွဲ့ရှိပါတယ်။ ဒီယာဉ်တန်းကို တားဆီးပါတယ်။ တားဆီးလို့မရပါဘူး။ ဒါမီတာနှစ်ရာ လောက်ကတည်းက တားဆီးတာ၊ တားဆီးလို့မရဘူး။ မီတာတစ်ရာလောက်အကွာမှာတော့ မိုးပေါ်ထောင်ပြီး သေနတ်သုံးချက်ပစ်ဖောက်ခဲ့တယ်”
ဒီဖြစ်ရပ်မှာ လူ၊ ပစ္စည်း၊ ယာဉ် ထိခိုက်ခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ တရုတ်ကြက်ခြေနီအဖွဲ့ဟာ စစ်ကောင်စီဘက်ကို ကြိုတင်အကြောင်းကြားတာမရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ငလျင်ကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံအတွင်း ဝင်ရောက်မယ်ဆိုရင် ကြိုတင်အကြောင်းကြားတာ၊ လုံခြုံရေးအကူအညီယူတာမျိုး လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။ ဒီဖြစ်စဉ်ကို စစ်ကောင်စီအနေနဲ့ ထပ်မံစုံစမ်းတာတွေလုပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ RFA အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
တရုတ်ကြက်ခြေနီယာဉ်တန်းကို လုံခြုံရေးယူပေးခဲ့တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ ဧပြီလ ၂ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဒီခရီးစဉ်အတွက် တရုတ်ကြက်ခြေနီအသင်းဟာ စစ်ကောင်စီကို ကြိုတင်အကြောင်းကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း စစ်ကောင်စီအနေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကန့်အသတ်မရှိ လွတ်လွတ်လပ်လပ်သွားခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ဒီအကျပ်အတည်းကို နိုင်ငံတကာက အာရုံစိုက်ဖို့လိုအပ်သလို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းတွေဘက်ကလည်း လမ်းတွေဖွင့်ပေးဖို့လိုအပ်ပြီး အကူအညီပေးနေသူတွေကိုလည်း ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးရမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က မတ်လ ၃၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။