တရုတ်ကြက်ခြေနီအသင်းရဲ့ ငလျင်အတွက်ထောက်ပံ့ရေး ယာဉ်တန်းကို စစ်ကောင်စီ ပစ်ခတ်

RFA Burmese
2025.04.02
တရုတ်ကြက်ခြေနီအသင်းရဲ့ ငလျင်အတွက်ထောက်ပံ့ရေး ယာဉ်တန်းကို စစ်ကောင်စီ ပစ်ခတ် တရုတ်ကြက်ခြေနီအသင်းရဲ့ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်ကို တွေ့ရစဉ်။
PSLF/TNLA

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ မော်တော်ယာဉ် ကိုးစီးပါ ယာဉ်တန်းကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တယ်လို့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA က ထုတ်ပြန်ပါတယ်။

ဧပြီလ ၁ ရက်နေ့ ည ၉ နာရီ ၂၁ မိနစ်အချိန်က နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ဒီယာဉ်တန်းဟာ မန္တလေးမြို့ကို သွားရောက်မှာဖြစ်ပြီး စစ်ကောင်စီထံ သတင်းပို့ပြီးမှ ထွက်ခွာလာတာလို့ TNLA က ဆိုပါတယ်။

ပစ်ခတ်ခံရပြီးနောက် ယာဉ်တန်းဟာ နောင်ချိုမြို့ကို ပြန်လှည့်လာခဲ့ကြောင်း နဲ့ လက်ရှိမှာ TNLA က စောင့်ရှောက်ထားကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီယာဉ်တန်းကို လိုရာခရီးရောက်အောင် ဆက်လက်ပို့ဆောင်ပေးသွားမယ်လို့လည်း TNLA က ဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ် စာမျက်နှာတွေမှာတော့ ဒါဟာ သတင်းမှားဆိုပြီး ရေးသားနေကြပါတယ်။

ငလျင်နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အမြန်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဧပြီ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တလတာ ထိုးစစ်ရပ်နားမယ်လို့ TNLA၊AA နဲ့ မဟာမိတ်ညီနောင် သုံးဖွဲ့က ဧပြီလ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။ အဲဒီနေ့မှာဘဲ စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားတဲ့ အဖွဲ့တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။