ဘန်ကောက်မြို့ အီးစီးကရက် အလုပ်ရုံမှာ မြန်မာ ၂၂ ဦး ဖမ်းဆီးခံရ

RFA Burmese
2024.11.21
ဘန်ကောက်မြို့ အီးစီးကရက် အလုပ်ရုံမှာ မြန်မာ ၂၂ ဦး ဖမ်းဆီးခံရ အီးစီးကရက် ထုတ်လုပ်နေသော အလုပ်ရုံကို သက်ဆိုင်ရာအာဏာပိုင်များ ၀င်ရောက်စစ်ဆေးနေသည်ကို ၂၀၂၄ ခုနှစ်၊ နို၀င်ဘာလ ၁၈ ရက်နေ့က တွေ့ရစဥ်။
Naewna

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အီးစီးကရက် ထုတ်လုပ်နေတဲ့ အလုပ်ရုံတစ်ခုကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးစဥ် မြန်မာအမျိုးသမီး ၂၂ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

အီးစီးကရက် တရားမဝင် ထုတ်လုပ်နေတယ် ဆိုတဲ့သတင်းကြောင့် ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးချိန် အလုပ်ရှင် တရုတ်နိုင်ငံသားတစ်ဦးနဲ့အတူ မြန်မာအလုပ်သမားတွေပါ ဖမ်းဆီးခံရတာလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

“မြန်မာအမျိုးသမီး ၂၂ ယောက်ကတော့ အနည်းဆုံး ထောင်ဒဏ် နှစ်နှစ်ကနေ လေးနှစ်အထိ ထောင်ကျနိုင်တယ်။ အီးစီးကရက်ကို ဘေးထွက်ဆိုးကျိုးများတဲ့ လူသုံးကုန်ပစ္စည်း ဖြစ်တဲ့အတွက် ထိုင်းက အထူးတလည် ကန့်သတ်တားမြစ်ထားတာ”

ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီး ၂၂ ဦးမှာ ၁၁ ဦးက စာရွက်စာတမ်း အထောက်အထားရှိပေမဲ့ အလုပ်ရှင်မတူတာ၊ ခွင့်ပြုချက်မရှိတဲ့ အလုပ်တွေကို လုပ်ကိုင်တာကြောင့် အမှုဖွင့်အရေးယူခံရပြီး ကျန်တဲ့မြန်မာအလုပ်သမားတွေကတော့ စာရွက်စာတမ်း အထောက်အထားမရှိတာကြောင့် ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာမှုနဲ့ပါ ထပ်တိုးအရေးယူခံထားရတယ်လို့ သူက ပြောပါတယ်။

အလုပ်ရုံရဲ့အရှေ့မှာ အလှပြင်ဆိုင်ပစ္စည်း ရောင်းချထားတာကို ပြသထားပေမဲ့ ဆိုင်အနောက်မှာ ထိုင်းဥပဒေက တားမြစ်ထားတဲ့ တရားမဝင် အီးစီးကရက် ထုတ်လုပ်နေတာကို တွေ့ရှိခဲ့တာလို့လည်း ဆိုပါတယ်။ အလုပ်ရုံထဲမှာ အီးစီးကရက် အတောင့် ၃၅၀၀ ကျော်၊ ဆေးရည် ၆၃ ဂါလံ၊ စက်ပစ္စည်း ရှစ်လုံးနဲ့ အခြားပစ္စည်း ကိရိယာတွေကိုလည်း ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာမှု များပြားနေသလို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဖမ်းဆီးခံရတာတွေလည်း ဆက်တိုက်ဆိုသလို ရှိနေတာပါ။

အာဏာသိမ်းကာလ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။