မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အမှု အယူခံတက်ဖို့ ပြင်နေ

2021.12.16
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အမှု အယူခံတက်ဖို့ ပြင်နေ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ၂၀၁၆ ဇူလိုင်လက တွေ့ရစဉ်
Photo: RFA

အခုလ ၈ ရက်နေ့က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် သူနဲ့အတူ ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ တိုင်းအစိုးရဝန်ကြီး သုံးဦးနဲ့ ပါတီအတွင်းရေးမှူးတို့ရဲ့အမှုတွေကို မန္တလေးခရိုင်တရားရုံးမှာ အယူခံဆက်တက်ဖို့ ပြင်ဆင်နေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

အမိန့်ချမှတ်လိုက်တဲ့ကိစ္စမှာ ဥပဒေကြောင်းအရ မှားနေတာတွေ ပေါ်လွင်နေတဲ့အတွက် အယူခံဆက်တက်ဖို့ စီစဉ်လိုက်တာလို့ အကျိုးဆောင်ရှေ့နေတစ်ယောက်က RFA ကို ပြောပါတယ်။

"အယူခံ အမိန့်ချပြီး ရက်ပေါင်း ၃၀ အတွင်း တက်ရမှာဆိုတော့ အခုပြင်ဆင်နေပါတယ်။ ဆရာဇော်က အယူခံမတက်တော့ဘူးလို့ အစကပြောတယ်။ နိုင်ငံရေးအရ မတက်ချင်ပေမဲ့ မှားနေတာတွေက တအား ပေါ်လွင်နေတယ်။ သုံးသပ်ချက်တွေကလွဲလို့ ဆရာ့ကိုတိုက်တွန်းလိုက်တော့ ဆရာကလည်း သဘောတူ လိုက်လို့ အယူခံဆက်တက်ကြမှာပါ"

အခုလ ၈ ရက်နေ့က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ထောင်ဒဏ် လေးနှစ်၊ သူနဲ့အတူ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်၊ လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ စိုက်ပျိုး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်း ရေးမှူး ဦးတင်ကိုကို တို့ ထောင်ဒဏ် နှစ်နှစ်စီ အသီးသီးချမှတ်ခံထားရတာဖြစ်ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ကို သဘာဝဘေး ပုဒ်မနှစ်ခု၊ နိုင်ငံတော်ဆူပူမှုဖြစ်အောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ - (ခ) စတဲ့ ပုဒ်မ သုံးခုအတွက် ထောင်လေးနှစ် ချမှတ်ပြီး၊ ကျန်လူအားလုံးကို မန္တလေးကျုံးအနီးမှာ ပြုလုပ်ခဲ့တဲ့ ကိုဗစ်ရောဂါ အသိပညာပေး အခမ်းအနားမှာ လူစုလူဝေးဖြစ်ပေါ်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅/၃၀ (က) နဲ့ ထောင် နှစ်နှစ်စီ အသီးသီးချမှတ်ထားတာပါ။

ထောင်လေးနှစ် ချမှတ်ပြီးတဲ့ ဒေါက်တာ ဇော်မြင့်မောင်ကို ရွေးကောက်ပွဲ မသမာမှုနဲ့ပါ ထပ်မံတရားစွဲထား တာမို့ အဲဒီအမှုအတွက် အခုလ ၁၃ ရက်နေ့က ရုံးထုတ်စစ်ဆေးရာမှာ ထောင်ဝတ်စုံဝတ်ဆင်ပြီး စစ်ဆေးခဲ့ တာတွေ့ရတယ်လို့ ရှေ့နေအသိုင်းဝိုင်းက ပြောပါတယ်။

လတ်တလောမှာ ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေးအခြေနေ ကောင်းနေပြီး၊ နေပြည်တော် အထူး တရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ သဘာဝဘေးအမှုအတွက် သက်သေထွက်ဆိုဖို့ ဆင့်စာရောက်ရှိနေပေမဲ့ လူကိုယ်တိုင်သွားရောက်ထွက်ဆိုဖြစ်မလား၊ Video Conferencing နဲ့ ထွက်ဆိုရမလားဆိုတာ အတိအကျ မသိရသေးဘူးလို့ ရှေ့နေတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။