ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အမြန်ဆုံးလွှတ်ပေးဖို့ KBC တောင်းဆို

RFA Burmese
2024.05.03
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အမြန်ဆုံးလွှတ်ပေးဖို့ KBC တောင်းဆို ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
KBC

စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်လာပြီးနောက် ပြန်လည်ထိန်းသိမ်းခံထားရတဲ့ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အမြန်ဆုံးလွှတ်ပေးဖို့ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC) က ဒီနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ KBC ရဲ့ အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကျန်းမာရေး အားနည်းလာတဲ့အတွက် ဆေးဝါကုသဖို့ လိုအပ်နေတာကြောင့် အမြန်ဆုံး လွတ်မြောက်လာဖို့ မျှော်လင့်နေတယ်လို့ KBC က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုအခြေအနေက ဘာမှ ထူးတာမရှိသေးဘူး။ ထောင်ရိပ်သာမှာပဲ ခေါ်ထားတာပေါ့။ သူက သွေးတိုးလည်းဖြစ်တယ်၊ အဆုတ်လည်း အားနည်းနေတယ်။ တော်တော်ပိန်သွားတယ်။ အဲ့ဒါကြောင့် ဆေးကုသမှု ခံယူဖို့လိုအပ်တယ်”

KBC အနေနဲ့လည်း ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်နေပြီး ကချင် ငြိမ်းချမ်းရေးအဖွဲ့(PCG) ကလည်း စစ်ကောင်စီတပ်နဲ့ ညှိနှိုင်းပြောဆိုတာတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြန်လည် ထိန်းသိမ်းထားတဲ့ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မြစ်ကြီးနား အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးကတော့ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက နေပြည်တော်ကိုခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ RFA ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောဆိုထားပါတယ်။

စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန်ကို ထောင်ဒဏ် ခြောက်နှစ်ချမှတ်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ မြစ်ကြီးနားအကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့ညမှာပဲ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပြန်လည် ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။