ဒေါက်တာ ခလမ်ဆမ်ဆွန် နှစ်ရက်ကြာအထိ မိသားစုနဲ့ အဆက်အသွယ်မရ

RFA Burmese
2024.04.20
ဒေါက်တာ ခလမ်ဆမ်ဆွန် နှစ်ရက်ကြာအထိ မိသားစုနဲ့ အဆက်အသွယ်မရ ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာသည်ကို ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်နေ့က တွေ့ရစဉ်။
KBC

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာနဲ့ ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတဲ့ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ပြန်လည်ခေါ်ဆောင်သွားပြီးနောက် နှစ်ရက်ကြာတဲ့အထိ အဆက်သွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဧပြီ ၁၇ ရက်နေ့လယ်ပိုင်း မြစ်ကြီးနား အကျဥ်းထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့က ဦးလမိုင်ဂွမ်ဂျာတို့နှစ်ဦးကို ညပိုင်းမှာပဲ စစ်ကောင်စီတပ်က လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဧပြီလ ၁၇ ရက်နေ့ ညပိုင်းမှာပဲ ဆွေးနွေးမေးမြန်စရာ ရှိတာကြောင့်ဆိုပြီး စစ်ကောင်စီဘက်က ပြန်လည် ခေါ်ဆောင်သွားတယ်လို့ ဧပြီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မိသားစုနဲ့ နီးစပ်သူတစ်ဦးကတော့ ဘာကြောင့် ပြန်ခေါ်ဆောင်သွားလဲဆိုတာ မိသားစုဝင်တွေကို အသိပေး အကြောင်းကြားတာ မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

“ဦးလမိုင်ခွန်ဂျာက ဆရာ့အိမ်မှာသွားပြီး ဆုတောင်းချိန်မှာ တစ်ခါတည်း ဖမ်းခံလိုက်ရတာပေါ့။ ဖမ်းခံရချိန်ကနေ အခုအထိ ဘာအဆက်အသွယ်မှ မရသေးပါဘူး။ ဘာသတင်းမှလည်း မကြားဘူး”

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေါက်တာ ခလမ်ဆန်ဆွမ်ကို ပြန်ဖမ်းဆီးတာမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ပြောဆိုဆွေးနွေးဖို့ ခေါ်ထားတာလို့ BBC သတင်းဌာနကို ဧပြီ ၁၉ ရက်နေ့မှာ ဖြေထားပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) အမှုသုံးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။