ရပ်စောက်မြို့နယ်မှာ စစ်ကောင်စီနဲ့ DPLA တိုက်ပွဲဖြစ်နေ

RFA Burmese
2025.01.06
ရပ်စောက်မြို့နယ်မှာ စစ်ကောင်စီနဲ့ DPLA တိုက်ပွဲဖြစ်နေ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)တပ်ဖွဲ့ဝင်များအား ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: Danu People's Liberation Front - DPLF

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေကြောင်း DPLA က ဇန်နဝါရီ ၆ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲဖြစ်နေတာလို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့နေတဲ့နေရာကို စစ်ကောင်စီက စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်တာ၊ ကျောက်ဂူနဲ့ တောင်ခမ်းဘက်မှာက စစ်ကောင်စီက အင်အားဖြည့်တာရှိတယ်။ အဲဒါကြောင့် တိုက်ပွဲဖြစ်တာ"

ဇန်နဝါရီ ၄ ရက်နေ့က ကျောက်ဂူရဲစခန်းနဲ့ ကျောက်ဂူအမြောက်တပ် (အမတ ၃၄၉)မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ဇန်နဝါရီ ၅ ရက်နေ့က တောင်ထိပ်ရွာနဲ့ အင်တောမြို့ကြားမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ DPLA ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့အထိ တိုက်ပွဲတွေဆက်ရှိနေကြောင်း DPLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တိုက်ပွဲအတွင်း DPLA ဘက်က ထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ပြောပါတယ်။

စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်တဲ့ ရွာတွေကို လက်နက်ကြီတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ခဲကြားရွာနဲ့ ဖက်ရင်းကုန်ရွာထဲကို ကျရောက်ပေါက်ကွဲပြီး အဆောက်အဦတွေ ပျက်စီးဆုံးရှုံးမှုရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းတစ်စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။